တွံတေး ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီက စေတီတော်ရင်ပြင်၌ ကျင်းပခဲ့ကြောင်း ရွှေဆံတော်ဂေါပက ဥက္ကဋ္ဌထံမှ သိရသည်။
နှောင်းတန်ခူးလပြည့်နေ့သည် ရှေးဟောင်းသမိုင်ဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ နှစ် (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်သည့်အတွက် တန်ခူးလဆန်း ၁၁ ရက်နေ့မှ လပြည့်နေ့အထိ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပအပြီး နံနက် ၅ နာရီတွင် သံဃာတော်အရှင်သူမြတ်များက ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘုရားအနေကဇာတင်ကြသည်။
နှောင်းတန်ခူးလပြည့်နေ့ နံနက် ၇ နာရီတွင် စေတီတော်ရင်ပြင်၌ တွံတေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၆၆)ကျောင်းမှ သံဃာတော်များနှင့် မဟာပဌာန်းရွတ်ဖတ်ပူဇော်သော သံဃာတော်များ စုစုပေါင်း သံဃာတော် ၁၂၅ ပါးအား တွံတေးခရိုင်နှင့် တွံတေးမြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာများမှ အလှူရှင်များ၊ ဘုရားဖူးလာပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပူဇော်ကြသည်။
ရွှေဆံတော်စေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများထဲတွင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပြီးလျှင် ဒုတိယဉာဏ်တော်အမြင့်ဆုံးနှင့် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထအမြင့်ဆုံး စေတီတစ်ဆူဖြစ်ကြောင်း သိရသည်။
ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် ဘာသာရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများက စဉ်ဆက်မပြတ် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စေတီတော်မြတ်ကြီး ကြံ့ခိုင်မှုရှိရေးအတွက် စေတီတော်ကြီး၏ ကြေးဝန်းတော်ငါးဆင့်အား အလှူရှင်များ၏ကောင်းမှုဖြင့် ၉ လက်မပတ်လည် ကြေးပြားသင်္ကန်းတော်များ ကပ်လှူလျက်ရှိပြီး ကြေးဝန်းတော် ၅ ဆင့်အား ရွှေသင်္ကန်းများ ဆက်ကပ်ပူဇော်နိုင်ရေးအတွက် အလှူရှင်များအနေဖြင့် ကြေးဝန်းတော်တစ်ဆင့်လျှင် ငွေကျပ်သိန်း(၄၀၀)ကျပ်ဖြင့် ဆက်ကပ်နိုင်ကာ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်လည်းကောင်း ဆက်ကပ်လှူဒါန်းနိုင်ကြောင်း၊ စေတီတော်ရင်ပြင်တွင်လည်း အပူ၊ အအေးခံ စကျင်ကျောက်ပြားများခင်းခြင်း၊ တန်ဆောင်းများ ဆေးသုတ်မွမ်းမံခြင်း၊ ဆီးမီးထွန်းသည့်ခုံများ အသစ်ပြန်လည်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရွှေဆံတော်ဂေါပက ဘဏ္ဍာတော်ထိန်းအဖွဲ့မှ ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာမှုရှိစေရေးအတွက် သန့်ရှင်းရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေးဝန်ထမ်းများ ထားရှိပေးထားသည့်အပြင် CCTV များ စေတီတော်ရင်ပြင် ပတ်ပတ်လည်နှင့် အတက်အဆင်း တန်ဆောင်းမုခ်များ၌လည်း တပ်ဆင်ထားကြောင်း ရွှေဆံတော်ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌထံမှ သိရှိရသည်။
ဘုရားဖူးလာပြည်သူအပေါင်းအား နှောင်းတန်ခူးလပြည့်နေ့ နေ့ထူးနေ့မြတ်တွင် အလှူရှင် ဦးဇော်ဖေ+ဒေါ်ရွှေခင် မိသားစုမှ အာဟာရဒါနအဖြစ် မုန့်ဟင်းခါး ပိဿာချိန်(၃၀၀)ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
တွံတေးသား