ညောင်ဦး မတ်  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရ ဘုရားတစ်ဆူဖြစ်သည့် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲကို မတ် ၁၆ရက်၊ နံနက် ၆နာရီခွဲမှစတင်ပြီး ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း ရွှေဆံတော်ဂေါပက ဥက္ကဋ္ဌ ဦးမောင်းဌေးထံမှ သိရသည်။

နှစ်စဉ် တပေါင်းလပြည့်နေ့ရောက်တိုင်း ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ  ပင့်သံဃာတော် (၄၇)ပါး ပင့်ဖိတ်ပြီး ဆွမ်းသပိတ်လုံးလောင်းလှူပူဇော်ခြင်း နှင့် ပရိတ်တရားတော်နာယူ၊ ရေစက်သွန်းချ အမျှအတန်းပေးဝေခြင်းများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီးသည် အေဒီ ၁၀၅၇ခုနှစ်တွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရားတစ်ဆူဖြစ်ကြောင်းလည်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း