ရန်ကုန်၊ မေ  ၈


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့ နံနက်ပိုင်းက   ရွှေပြည်သာမြို့နယ်၊ ၅ ရပ်ကွက်၊ သီရိမင်္ဂလာ ပတ်လမ်းနှင့် ငွေလမ်းထောင့်ရှိ ရွှေပြည်သာမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အိမ်ရာဝင်းအတွင်း ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် Excavator ယန္တရားယဉ်များဖြင့် ရေစုကန် တူးဖော်နေမှုနှင့် တာမွေချောင်းအတွင်း ဗေဒါနှင့် ဒိုက်များ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည်   အင်းစိန်မြို့နယ် ပုလဲလမ်းမကြီးဘေး လမ်းသားတိုးချဲ့ ကွန်ကရိခင်းကျင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် သတ်မှတ် စံချိန်စံညွန်းနှင့် ကိုက်ညီစေရေး ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် အင်စိန်မြို့နယ်  စော်ဘွားကြီးကုန်းရပ်ကွက် ဆက်သွယ်ရေး တပ်မြေအတွင်း ဖြတ်သန်းစီးဆင်းနေသည့် အောင်သိဒ္ဒိချောင်းအတွင်း Excavator ယန္တရားယဉ်များဖြင့် အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ ချောင်းဝဲ/ယာ မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှုနှင့် မရမ်းကုန်းမြို့နယ် (၄) ရပ်ကွက် မင်းဓမ္မလမ်းဘေး အောင်သိဒ္ဒိချောင်းအတွင်း လုပ်သားများဖြင့် အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်