ကျောက်ထု ၂၃ ဇွန်

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် အရှည် ၁၀ မိုင်ခန့်ရှိသော ယောမြောင်းကြီးတွင် ရေစီးရေလာကောင်းမွန်ရေး အမှိုက်များဆယ်ယူခြင်းကို ယနေ့ နံနက်တွင် ဒေသနေပြည်သူများက မိမိတို့နေထိုင်ရာ နေရာဒေသအလိုက် ဆောင်ရွက်ကြသည်။

 

ယောမြောင်းကြီးသည် စိုက်ပျိုးရေးလုပ်ငန်း တစ်ခုတည်းအတွက်သာ အသုံးပြုနေသည်မဟုတ်ဘဲ ယောမြောင်းကြီး ဖြတ်သန်းစီးဆင်းသည့် ကျေးရွာခုနစ်ရွာနှင့် ရပ်ကွက်သုံးခုတို့ရှိ ပြည်သူများ သုံးရေအတွက် အကျိုးပြုလျက်ရှိသည့်အပြင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ စပါးကြိတ်ခွဲခြင်း၊ ဆီကြိတ်ခွဲခြင်းတို့ကိုပါ အကျိုးပြုစေလျက်ရှိသည်။

 

အဆိုပါ ယောမြောင်းကို မြန်မာသက္ကရာဇ် ၁၀၃၂ ခုနှစ်က ယောမြို့စား ဇော်ဘွားမင်းကျော်သူက ဦးဆောင်၍ ချေချောင်းမှရေသွယ်ယူသည့် ယောမြောင်းကြီးကို ဖောက်လုပ်ခဲ့ကြောင်း၊ အဆိုပါမြောင်းရေကို အသုံးပြု၍ ကျောက်ထုဒေသနေ တောင်သူများအား စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်စေခဲ့ရာ ပြုပြင်မွမ်းမံခြင်းများကြောင့် ယနေ့တိုင် အကျိုးပြုလျက်ရှိနေကြောင်းနှင့် အစဉ်ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိကြောင်း မြောင်းကော်မတီဝင် ဦးတင်လှိုင်၏ ပြောပြချက်အရ သိရသည်။

 

မောဟေမာန်(ပြန်/ဆက်)