နေပြည်တော် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ကံလှကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် ဆဌမနှစ်စက်ဝန်း မြစိမ်းရောင်စီမံကိန်းချေးငွေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စက်တင်ဘာ ၂၃ ရက်တွင် ကွင်းဆင်းထုတ်ချေးပေးခဲ့သည်။
ချေးငွေထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်တင်အေးထွန်းက စီမံကိန်းစည်းကမ်းချက်များနှင့် ချေးငွေများ လေလွင့်ဆုံးရှုံးမှုမရှိအောင် အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန် ဆွေးနွေးပြီး ကံလှ ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ စီမံကိန်းအသင်းသား ၆၁ ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ စီမံကိန်းအသင်းသား ၃၇ ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ စီမံကိန်းအသင်းသား ၁၆ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ စီမံကိန်း အသင်း သား ၄၈ ဦး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ စီမံကိန်း အသင်းသား ၂ ဦး၊ စုစုပေါင်း ၁၆၄ ဦးအတွက် စီမံကိန်းရန်ပုံငွေကျပ် ၅၀၇ သိန်းကို စနစ်တကျ ထုတ်ချေးပေးသည်။
ရေစကြိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့နိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှစ၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ဆောင်ရွက်ခဲ့ရာ ကျေးရွာတစ်ရွာလျှင် အရင်းမပျောက်လည်ပတ် မတည်ရန်ပုံငွေကျပ် သိန်း ၃၀၀ စီထုတ်ချေးပေးခဲ့ပြီး ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင်ကျေးရွာပေါင်း ၄၅ ရွာအထိ တိုးချဲ့ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်