ရေစကြိုမြို့နယ် ညောင်ပင်-ငတရော်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း မကြာမီ ပြီးစီးတော့မည်ဖြစ်

ရေစကြို ၁၇ ဧပြီ 

 


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ညောင်ပင် - ငတရော်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ မကြာမီ ၎င်းဒေသများမှ လယ်ယာထုတ်ကုန်/ ထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ပို့ပေးနိုင်တော့မည်ဖြစ်ကြောင်း   သိရသည်။

 

ddd

 


ညောင်ပင် - ငတရော်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြား ကျွန်းပေါ်ရှိ ကျေးရွာအုပ်စု ခြောက်အုပ်စု၊ ကျေးရွာ(၁၂)ရွာမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ အလွယ်အတူ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဖောက်လုပ်ပေးခြင်းဖြစ်ကြောင်း၊ လမ်းအရှည်တစ်မိုင် အကျယ် ၁၂ ပေ မြေနီကျောက်စရစ် ကိုးလက်မထု ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၅၄ ဒသမ ၈ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ပြီး ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး က ပြောသည်။

 


အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာအုပ်စု(၆)အုပ်စုရှိ ကျေးရွာပေါင်း(၁၂)ရွာ၊ အိမ်ခြေ(၂၀၁၄)၊ လူဦးရေ (၉၃၇၇)ဦး၏ လယ်မြေ(၂၁၁၆)ဧက ၊ ကိုင်းမြေ (၃၂၄၇)ဧကများမှထွက်ရှိသော အဓိက သီးနှံများဖြစ်သည့် စီပီပြောင်း၊ နေကြာ၊ ကုလားပဲ၊ မြေပဲနှင့် အခြားပဲမျိုးစုံတို့ကို မန္တလေး၊ ပခုက္ကူ၊ ရေစကြို၊ မုံရွာဈေးကွက်များသို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာများလည်း လွယ်ကူစွာ သွားလာနိုင်မှာဖြစ်ကြောင်း သိရသည်။

 


သန်းလွင်(မကွေး)