ရေစကြို ၈ စက်တင်ဘာ   
   

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် ဆင်းရဲမှုလျော့ချနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင် စီမံကိန်းလုပ်ငန်း သုံးနှစ်ပြည့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို စက်တင်ဘာ ၈ ရက်၊ ယနေ့မွန်းလွဲ ၁ နာရီက ရေစကြိုမြို့နယ် ပိတ်သင်းကပ်ကျေးရွာနှင့် ဇီးကျွန်းကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် ရွာလယ်ဓမ္မာရုံတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာနှင့် ဝန်ထမ်းများအဖွဲ့က ပိတ်သင်းကပ်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ပြီး မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းတွင်ပါဝင်သည့် မူဘောင်များနှင့် စီမံကိန်းစံပြကျေးရွာ ဆုချီးမြှင့်ရခြင်းအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက်ကျေးရွာရှိ စီမံကိန်းဝင်အသင်းသား ၁၂၄ ဦးအတွက် စတုတ္ထနှစ် မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စီမံကိန်းရန်ပုံငွေကျပ် ၄၈၆၅၀ဝ၀ဝ အား လက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ရေစကြိုမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် ဇီးကျွန်းကျေးရွာ ရွာလယ်ဓမ္မာရုံသို့ ရောက်ရှိပြီး ဒေသခံမြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်ဝင်များ၊ စီမံကိန်းဝင်အသင်းသားများနှင့် တွေ့ဆုံ၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု သုံးနှစ်ပြည့်အထိမ်းအမှတ် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ပြီး စီမံကိန်းနှင့် စပ်လျဉ်းသည့် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ယင်းနောက် ဇီးကျွန်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းဝင်အသင်းသား ၁၇၄ ဦးကို စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး စတုတ္ထနှစ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၄၉၀၃၀ဝ၀ဝ အား ထုတ်ချေး ဆောင်ရွက်ပေးပြီး စီမံကိန်းနှင့် စပ်လျဉ်းသည့် ငွေစာရင်း၊ ဇယားများ မှားယွင်းမှုမဖြစ်အောင် စနစ်တကျ ဖြည့်စွက် ရေးသွင်းထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။ 


ရဲဝင်းနိုင် (ညောင်ဦး)