ပခုက္ကူ၊  ၂၇  ဇန်နဝါရီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု မွမ်းမံ ရန်ပုံငွေနှင့် မကွေးတိုင်းဒေသကြီးအစိုးရရန်ပုံငွေတို့ဖြင့်  ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူ များ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲနိုင်ရေးအတွက်  မြေသားမိုးရေလှောင်ကန်များ တူးဖော်ဆောင်ရွက်ပေးနေမှု လုပ်ငန်း အခြေအနေတို့ကို   ဇန်နဝါရီလ ၂၇ ရက်  နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ် အတွင်းရှိ တောင်ဇင်ကျေးရွာတွင် ပြည်ထောင်စုမွမ်းမံရန်ပုံငွေကျပ် ၁၄ ဒသမ ၉၁၃ သန်းဖြင့် အလျားပေ ၄၈၀၊ အနံ ပေ ၇၀ နှင့် ၁ လက်မ၊ အနက် ၇ ပေရှိသည့် မြေသားမိုးရေလှောင်ကန်၊ ဇီးတောကျေးရွာတွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ်သန်း ၂၀ ဒသမ ၉၀ ဖြင့် အလျား ၂၇၅ ပေ၊ အနံ ၂၃၅ ပေ၊ အနက် ၅ ပေရှိသည့် မြေသားမိုးရေလှောင်ကန်၊ ညောင်ပင်စုကျေးရွာတွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ် ၁၄ ဒသမ ၈၃ သန်းဖြင့် အလျား ပေ ၂၀၀၊ အနံပေ ၁၀၀၊ အနက် ၁၂ ပေရှိသည့် မြေသားမိုး ရေလှောင်ကန် စသည့် မြေသားမိုးရေလှောင်ကန် သုံးကန် တူးဖော်ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းစံချိန်စံညွှန်းအရည် အသွေးများနှင့် ကိုက်ညီစွာဆောင်ရွက်ထားရှိမှု ရှိ/မရှိအခြေအနေတို့ကို    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ ဦးစီးအရာရှိ ဦးသိန်းညွှန့်ဟန်(နည်းပညာ)၊ ရေစကြိုမြို့နယ်ဦးစီးမှူး ဒေါ်တင်အေးထွန်းနှင့်ဝန်ထမ်း များက ဇန်နဝါရီလ ၂၇ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

မြေသားမိုးရေလှောင်ကန်တူးဖော်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာသုံးရွာအတွင်းရှိ  အိမ်ခြေ ၃၂၈အိမ်၊ လူဦးရေ ၁၆၆၉ ဦးတို့၏ နွေရာသီကာလရေရှားပါးသည့် အခက်အခဲ၊ ပြဿနာများမှ ကင်းဝေးစေနိုင်သည့်အပြင် ကျေးရွာများရှိ ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက်ပါ သောက်သုံးရေဖူလုံစွာရရှိရေး အကျိုးပြုစေမည်ဖြစ်ကြောင်း ပခုက္ကူခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ပြောသည်။ 

ဆလိုင်းကိုကီး(ပြန်/ဆက်)