ရေစကြို  ၁၆  ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်အတွက် ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၅ ရက်၊ နံနက် ၈ နာရီက ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာနှင့် ဝန်ထမ်းများအဖွဲ့က ကျေးလက်နေပြည်သူများ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရန် ဆပ်ပြာနှင့် ရေကိုအသုံးပြုပြီး အလွယ်တကူ လက်ဆေးနိုင်ရန် အများသုံးလက်ဆေးဘေစင်(၂၅)ခုအား ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး ပြုလုပ်တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လက်ဆေးဘေစင်(၂၅)ခုအား ရေစကြိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲပြီး ယမန်နေ့နံနက်ပိုင်းက စတင်ကာ ရေစကြိုမြို့နယ် စိုင်သေကျေးရွာ၊ ငတရော်ကျေးရွာ၊ မိဖုရားကျေးရွာ၊ မေက္ကလန်ကျေးရွာ၊ သမန္တပို့(လ)ကျေးရွာ၊ ပရိမ်သာကျေးရွာ၊ ငါးမြှာလေးကျေးရွာ၊ မြေတော်ကျေးရွာ၊ ညောင်ဇောက်ကျေးရွာ၊ ကံဦးကျေးရွာ၊ ရှစ်အိမ်တန်းကျေးရွာ၊ တောင်စင်ကျေးရွာ၊ တောင်အိုကျေးရွာ၊ ငါးလန်ကျေးရွာ၊ ပခန်းကြီးကျေးရွာ၊ ဆင်ချောင်းကျေးရွာ၊ ဖူလုံကျေးရွာ၊ မြေဖြူကျေးရွာ၊ ကိုင်းကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ကြက်ဆူကျင်းကျေးရွာ၊ ကုက္ကိုစုကျေးရွာ၊ ရွှေကျောင်းကျေးရွာ၊ မြေခဲတောင်ကျေးရွာ၊ စုစုပေါင်း (၂၅)ရွာအား တပ်ဆင်ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယနေ့အပြီးတပ်ဆင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 “ကျွန်မတို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လွယ်လင့်တကူ လက်ဆေးနိုင်အောင် အများသုံးလက်ဆေးဘေစင်များကို ကျေးရွာ ပေါင်း (၂၅)ရွာရှိ လူစည်ကားတဲ့နေရာတွေကို ရွေးချယ်ပြီး တပ်ဆင်ဆောင်ရွက်ပေးနေပါတယ်။ လက်ဆေးဘေစင်တွေ တပ်ဆင်ဆောင်ရွက်ရာမှာလည်း ဒေသခံကျေးလက်နေပြည်သူများ စနစ်တကျ လက်ဆေးတတ်စေဖို့အတွက် လက်ဆေးဘေစင် ထားရှိတဲ့နေရာတိုင်းမှာ လက်ဆေးနည်းပညာပေးပိုစတာများ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပိုစတာများကို ကြော်ငြာ ထားရှိပေးထားပါတယ်။ ဒါ့ပြင် ကျေးရွာရှိပြည်သူများကို ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းနှင့် လက်တွေ့ လက်ဆေးနည်းသရုပ်ပြခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်ပေးပါတယ်။ အခုလို လက်ဆေးဘေစင်များကို ကျေးရွာတွေမှာ စီစဉ်ဆောင်ရွက်ထားရှိခြင်းဖြင့် ကျေးရွာနေပြည်သူများ ကြိုတင်ကာကွယ်ရေးအတွက် မဖြစ်မနေ လက်ဆေးရမည်ကို သိရှိနားလည်စေကာ မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို များစွာအထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်” ဟု ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာ က ပြောကြားသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)