ရေစကြို ၆ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဗလဗကျေးရွာအုပ်စု၊ ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် စိုက်ခင်းများအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စိုက်ခင်းများ ရေနစ်မြုပ် ပျက်စီးသွားကြောင်း ဗလဗကျေးရွာ နှမ်းစိုက်ပျိုးတောင်သူ ဦးဇော်ဝင်းထံမှ သိရသည်။
ရေစကြိုမြို့နယ် ဗလဗကျေးရွာ၊ငါးမြှာလေးကျေးရွာ၊ငါးမြှာကြီးကျေးရွာ၊ကျော်ထင် ကုန်းကျေးရွာ၊ ဇယမကျေးရွာ၊ မထီး၊ ကွေ့ထောင့်၊ အိုးရင်း၊ နှောင်းဘကျေးရွာ၊ ရပ်သာ၊ အိုရင်းကျေးရွာ ကျေးလက် တောင်သူများ စိုက်ပျိုးထားသည့် နှမ်းခင်းများ၊ ဥစိုက်ကြက်သွန်းခင်းများ၊ ပြောင်းခင်းများအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စိုက်ခင်းများ နစ်မြုပ်ပျက်စီးကြောင်း ဦးဇော်ဝင်း ပြောကြားသည်။
“ကျွန်တော်တို့ဆီမှာ မြစ်ရေဝင်ရောက်တဲ့ အရပ်ဖြစ်ပေမယ့် ခုလို စက်တင်ဘာလတွေမှာ စိုက်ခင်းတွေထိ ရေမဝင်/ရေမတက်ဘူး။ ရေဝင်ပြီးရေပြန်ကျသွားရင်လည်း ရေချက်ခြင်း မခန်းတဲ့အတွက် စိုက်ပျိုးထား သည့် သီးနှံစိုက်ခင်းများ ရေနာပြီး ပျက်စီးကုန်တယ်။ အခါတိုင်းနှစ်များတွင် ယခုလိုအချိန် စိတ်ချ လက်ချ စိုက်ပျိုးလေ့ရှိသော်လည်း မြစ်အထက်ပိုင်း မိုးရွာသွန်းမှုကောင်းပြီး မြစ်ရေလျှံတက်ကာ စိုက်ခင်းများအတွင်း ရေဝင်ရောက်ပျက်စီးကုန်တယ်” ဟု ဗလဗကျေးရွာတောင်သူ ဦးဇော်ဝင်းက ရှင်းပြသည်။
ဗလဗကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများသည် မြစ်ရေဝင်ရောက်သည့်ဒေသဖြစ်ပြီး မြေနုကျွန်းတွင် စိုက်ပျိုးရေးလုပ်ကိုင်ကြခြင်းများကြောင့် စိုက်ပျိုးပြီးသီးနှံအထွက်နှုန်းကောင်းသည့် မြေနုကျွန်းများဖြစ်ကာ မြစ်ရေဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးသီးနှံများပျက်စီးကုန်ကြောင်း၊ နှမ်းခင်း များ၊ ကြက်သွန်ဥပြန်စိုက်ခင်းများ၊ ပြောင်းခင်းများပျက်စီးကုန်ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


