ရေစကြို  ၁၂  ဇွန်

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် သမန္တပို့ မြစ်ရေတင်ကို ဒေသခံတောင်သူများ၏ စိုက်ခင်းများ စိုက်ပျိုးရေ အပြည့်အဝ ပေးနိုင်ရေးအတွက် မြောင်းကြံ့ခိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် သြဂုတ်လ ပထမပတ်တွင် စိုက်ပျိုးရေအချိန်မီ ပေးဝေနိုင်ရန် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မြောင်းမကြီးပေအရှည်က ၃၈၀ဝ ရှိတယ်။ တကယ်ရေပေးမှာက ပေ ၃၂၀ဝ ထိ ရေပေးမှာ   အုတ်စီတာက ပေ ၆၀ဝ ရှိပါတယ်။ အားနည်းတဲ့နေရာတွေကို လိုက်လုပ်တာပါ။ လက်တံမြောင်း လက်တံ ၁ (နွားထိမ်းမြောင်း) ရေပေးမယ့် မြောင်းအရှည်က ပေ ၁၇၀ဝ၊  ပေ ၁၅၀ဝ မှာ ဆိုင်ပွန်တစ်ခုဆောက်နေတယ်” ဟု သမန္တပို့မြစ်ရေတင် AE ဦးမြင့်စိုးကပြောသည်။

မြောင်းပြုပြင်ရခြင်း၏ ရည်ရွယ်ချက်မှာ ရေတင်ရသည့် လျှပ်စစ်မီတာခလျော့နည်းစေရန်၊ ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရန်နှင့် တောင်သူများရေလိုအပ်သော လယ်ကွင်းများဆီသို့ ရေအချိန်မီ ပေးပို့နိုင်ရန် ရည်ရွယ်ကာ ပြုပြင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ နဂိုမြောင်းတွေက နှစ်တွေကြာလာတော့ ကြံ့ခိုင်ရေးအားနည်းလာပြီ မြောင်းတွေရဲ့ ဆက်ရှင်မပြည့်တာတွေ၊ မြောင်းတွေရဲ့ ဒီဇိုင်းမပြည့်တာတွေ အဲဒါတွေကို ပြန်ပြုပြင်သလို အခုလိုမျိုးအုတ်လိုင်နင် အချောကိုင်တာတို့ အုတ်လိုင်နင်စီတာတို့ လုပ်လိုက်တော့ ရေလေလွင့်ဆုံးရှုံးမှု့ သက်သာတာပေါ့။ အုတ်လိုင်နင်မစီဘဲနဲ့ မြေသားကြီးဘဲ ရေပေးလို့ရှိရင် ဥပမာ တစ်နေ့ကို ၈နာရီမောင်းရတယ်ထား အုတ်လိုင်နင်စီပြီး အချောကိုင်ထားလိုက်ရင်  တစ်နေ့ကို ၅ နာရီပဲမောင်းရတော့ လျှပ်စစ်မီတာခလည်း သက်သာသွားတာပေါ့” ဟု သမန္တပို့မြစ်ရေတင် AE ဦးမြင့်စိုးကပြောသည်။

“ကျွန်တော်တို့ တကယ်ရေအသဲအသန်လိုတဲ့အချိန်ကျတော့ မြောင်းကကျိုးနေတာ ကျွန်တော်တို့ သီးနှံရိတ်သိမ်းချိန်ကျတော့  သူတို့က ရေတွေလှိမ့်မောင်းရော အဲဒီတော့ သိမ်းချိန်နောက်ကျကုန်တယ်။ ဒီမှာက မြေသားမငြိမ်တာပေါ့။ မြောင်းမကောင်းတာ ဘတ်ဟိုးကြီးနဲ့ ၃ နှစ်တစ်ခါလောက်တော့ လာလာပြင်တယ်။ နှစ်တိုင်းကတော့ လူအင်အားနဲ့ပြင်တယ်ပေါ့။  မြောင်းကြံ့ခိုင်မှု့အားနည်းတယ်။ မကြာခဏကျိုးတယ်။ မိန်းလမ်းဘေးတင် မပြင်စေချင်ဘူး မြောင်းတစ်လျှောက်လုံး အုတ်စီရင်တော့ အဆင်ပြေမယ်။ မြောင်းမကြီး အစအဆုံးဆိုရင် ပေ ၄ ထောင်လောက်တော့ရှည်မယ်။ တောင်သူတွေအကျိုးရှိအောင် ခံ့ခိုင်အောင် ပြင်ပေးစေချင်တယ်” ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ယခင်နှစ်က အဆိုပါ မြစ်ရေတင်မှ နွေရာသီ အခြားသီးနှံ ဧက ၁၅၀ နှင့်  မိုးစပါး ဧက ၁၀ဝ ကို ရေပေးဝေနိုင်ခဲ့ကာ  သမန္တပို့တောင်၊  ရွာမြောက်ရွာ၊ နွားထိမ်းရွာ၊ စဉ့်ကိုင်ရွာ၊  မဲကုန်းကျေးရွာ၊ ရွာသာအေး ကျေးရွာ၊ ကုန်းရင်းကျေးရွာ စသည့်ကျေးရွာများမှ ဒေသခံတောင်သူများအား အကျိုးပြုလျက်ရှိကြောင်း သိရသည်။

အိမွန်ဆွေ(ရေစကြို)