ရေစကြို ၃၁ မေ
ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ကွမ်းရွက်ဈေးနှုန်း မြင့်တက်လာသောကြောင့် ကွမ်းယာဆိုင်တစ်ချို့ ပိတ်သိမ်းထားရကြောင်း သိရသည်။
“အရင်ကတော့ ငွေကျပ် ၂၀ဝ ဖိုးကို ကွမ်းယာ ၅ ယာပေးနိုင်တယ်။ အခုကွမ်းရွက်ဈေးတက်တော့ ကွမ်းယာ ၄ ယာဘဲပေးနိုင်တော့တာ။ ကွမ်းနုဝါက ကွမ်းကြမ်းထက်ဈေးပိုမြင့်တော့ ခါတိုင်းလို ကွမ်းနုဝါကို မသုံးနိုင်ဘူး။ ဈေး သက်သာတဲ့ ကွမ်းကြမ်းကိုပဲ ရောင်းနေရတယ်။ ဒါတောင်ရောင်းရတာ တွက်ခြေမကိုက်ဘူး။ တချို့ ဆိုင်တွေဆို ပိတ်တောင်ထားကြတာ။ ကွမ်းရွက်ဈေး သိသိသာသာ တက်လာတာက ၁၀ ရက်လောက် ရှိနေပြီ။” ဟု ကွမ်းယာဆိုင်ရှင်တစ်ဦးက ပြောသည်။
ယခင်နှစ်များက ယခုလိုအချိန်ကာလတွင် လက်လီဈေးနှုန်းမှာ ကွမ်းရွက်တစ်ပိသာလျှင် ငွေကျပ် ၂၅၀ဝ ခန့် သာ ဈေးနှုန်းရှိရာမှ ယခုနှစ်လက်လီဈေးနှုန်းမှာ ကွမ်းကြမ်း (ကွမ်းစိမ်း) တစ်ပိသာလျှင် ငွေကျပ် ၁၀ဝဝဝ ပေါက်ဈေးရှိနေပြီး ကွမ်းနုဝါ တစ်ပိသာလျှင် ငွေကျပ် ၁၅၀ဝဝ ပေါက်ဈေးရှိနေကြောင်းသိရသည်။ ကွမ်းရွက် လက်ကားဈေးနှုန်းမှာ ယခင်နှစ်များက ကာလတူအချိန်တွင် ကွမ်းရွက်တစ်ပိသာလျှင် ငွေကျပ် ၁၅၀ဝ/၂၀ဝဝ သာ ရှိခဲ့ကြောင်းသိရပြီး ယခုအခါ လက်ကားဈေးနှုန်းမှာ ကွမ်းနုဝါ တစ်ပိသာလျှင်ငွေကျပ် ၁၀ဝဝဝ ဖြစ်နေကြောင်းသိရသည်။
“ကျွန်တော်ကွမ်းခြံလုပ်ငန်းလုပ်တာ ၆နှစ်ရှိပြီ အခုလိုနွေရာသီမှာ တစ်ခါမှ မကြုံဖူးဘူး စံချိန်တင်ဈေးဘဲ” ဟု ကွမ်းနုဝါခြံပိုင်ရှင် တစ်ဦးကပြောသည်။ ကွမ်းရွက်ဈေးနှုန်း မြင့်တက်ရခြင်းမှာ ရာသီဥတုပူပြင်းသဖြင့် ကွမ်းရွက်များ အထွက်မကောင်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“အပူချိန်များတော့ ကွမ်းရွက်ပင်က ရေငတ်ပြီး လေပူတွေတိုက်တော့ အရိပ်မလုပ်ပေးရင် အရွက်ကောင်း မထွက်ဘူး။ လိမ်တွန့်နေတာတွေ ထွက်လာတော့ ၁၀ ခြံရှိတာကို တစ်ခြံ၊ နှစ်ခြံလောက်ပဲ အကောင်းထွက်တယ်။ ကျန်တဲ့ ၈ ခြံလောက်က မကောင်းတာပေါ့။ ကွမ်းဈေးကွက်ကောင်းတယ် မကောင်းဘူးဆိုတာက စိုက်သူများတာ မများတာနဲ့မဆိုင်ဘူး ရာသီဥတုပေါ် မူတည်တာ။ ရာသီဥတုက လွန်ကဲမှု့ဖြစ်စဉ်တွေ ဖြစ်လာလို့ရှိရင် ကွမ်းခြံပျက်တာပဲ” ဟု ကွမ်းခြံပိုင်ရှင် ဦးမင်းမင်းထွန်းကပြောသည်။
ကွမ်းရွက်ပင်များကို နေ့စဉ် ဂရုတစ်စိုက် အရိပ်လုပ်ပေးခြင်းရှိသော ကွမ်းခြံများသာ အထွက်ကောင်းပြီး ကွမ်းရွက်ဈေးကောင်း ရကြကာ ရာသီဥတုအလိုက် ဂရုတစ်စိုက်မရှိသော ကွမ်းခြံများမှာ ခြံလိုက် ပျက်စီးကြကြောင်း သိရသည်။ ထို့တူ ကွမ်းယာဆိုင်များအနေဖြင့်လည်း ကွမ်းရွက်ဈေးမြင့်တက်မှု့ကြောင့် တွက်ခြေ မကိုက်ဖြစ်ကာ ကွမ်းယာဆိုင်တချို့ ပိတ်သိမ်းထားကြရကြောင်း သိရသည်။
မြန်မာပြည်တွင် ကွမ်းစားသူဦးရေ ၁၂ သန်းရှိသည့်အတွက် နေ့စဉ်ငွေကျပ် ၁၂ ဘီလျှံကို နေ့စဉ်ပါးစပ်ထဲစားပြီး ထွေးပစ်လိုက်၊ မြိုပစ်လိုက်တဲ့ အခြေနေဖြစ်နေကြောင်း မေ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောခဲ့သည်။
အိမွန်ဆွေ(ရေစကြို)