ရေစကြို ၈ သြဂုတ်
ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ယခုနှစ်အတွင်းမိုးခေါင်မှုကြောင့် ကျေးရွာအချို့တွင် သောက်သုံးရေ ရှားပါးလျက်ရှိကြောင်း သိရသည်။
တခြားမြို့တွေမှာ မိုးတွေရွာနေပေမယ့် ကျွန်တော်တို့မြို့နယ်မှာ မိုးမရွာဘူး တချို့ရွာတွေမှာ သောက်သုံးရေရှားနေလို့ အဲဒီရွာတွေကို သောက်သုံးရေသွားလှူနေရတယ် သရက်ပင်ကန်ကျေးရွာအုပ်စုက ထန်းပင်ချောင်းရွာနဲ့ ရွာသာအေးရွာမှာဆိုရင်မျက်နှာသစ်စရာရေတောင်မရှိဘူး အဲဒါကြောင့် ၃ ရက်ခြား တစ်ခေါက်လောက် ပုံမှန်ရေလှူပေးနေရတယ် ဟု ကံပွင့်မိသားစု ရေလှူဒါန်းရေးအဖွဲ့ခေါင်းဆောင် ဦးခင်ဇော်က ပြောသည်။
ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ဘောင်ဘဲ့တန်း၊ အုတ်ကန်၊ ကွမ်းစီကန်၊ထန်းပင်ချောင်း၊ ရွာသာအေး၊ ချင်းယားကုန်း၊ ဂွေးပင်ယာ၊ ထန်းတို၊ ယာကြီးကုန်း၊ ကန်ဘောက်၊အောင်သပြေ၊ ခင်မွန်၊ မြေနီကုန်း စသည့်ကျေးရွာများတွင် သောက်သုံးရေ ရှားပါးလျက်ရှိသဖြင့် ရေစကြိုမြို့မှ ရေအလှူရှင်များနှင့် မုံရွာ၊ ပခုက္ကူစသည့် မြို့များမှ ရေအလှူရှင်များက ရေလာရောက်လှူဒါန်းကြလျက်ရှိကြောင်း သိရသည်။
“ဒီနှစ်က မိုးခေါင်တယ် မိုးမရွာတော့ ရွာက မြေသားရေကန်တွေမှာ ရေမရှိတော့ဘူး ကျွန်တော်တို့ရွာမှာ စက်ရေတွင်း ၆ တွင်း/၇ တွင်း တူးဖူးတယ် ရေကငံတယ်သုံးလို့တောင်မရဘူး ရေအထွက်လည်းနည်းတယ် မိုးရေကန်ကိုပဲ အဓိကသောက်ကြတာ အခုက မနှစ်ကလည်း မိုးနည်းတယ် ဒီနှစ်လည်းမိုးမရွာတော့ ကန်တွေထဲမှာ ရေမရှိဘဲဖြစ်သွားတာပေါ့ ရွာမှာရှိတဲ့ ရေငံဘဲထွက်တဲ့ ရေတွင်းတွေမှာကို ရေမထွက် သလောက်ဖြစ်နေတာ ရေအလှူရှင်တွေလာလှူတဲ့ရေကိုပဲ မျှသုံးနေရတယ်” ဟု သရက်ပင်ကန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးက ပြောပြသည်။
ရေစကြိုမြို့နယ်တွင် ယခုနှစ်အတွင်း ဇန်နဝါရီလမှ ယနေ့အထိ မိုးရွာရက် ၁၁ ရက်ရှိခဲ့ပြီးမိုးရေချိန်လက်မ ၅ ဒသမ ၅၇ လက်မသာ ရွာသွန်းခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးရေချိန်လက်မ ၅ ဒသမ ၅၇ လက်မကို ဇန်နဝါရီ ၊ မေ ၊ ဇွန်၊ ဇူလိုင် ၊ သြဂုတ်လများအတွင်း ဒသမ အနည်းငယ်စီသာ ရက်ခွဲကာ ရွာသွန်းခဲ့ခြင်းကြောင့် ရေစကြိုမြို့နယ်အတွင်းရှိ မြေသားရေကန်များတွင် ရေဝင်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ရေကန်များအတွင်းမိုးရေ ဝင်ရောက်ခြင်းမရှိခဲ့သောကြောင့် မြေသားရေကန်များကို အားထားသောက်သုံးနေရသော ကျေးရွာများတွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့ရလျက်ရှိကြောင်း သိရသည်။
ရေစကြိုမြို့နယ်အနေဖြင့် သောက်သုံးရေရှားပါးလျက်ရှိသော ကျေးရွာများကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကံပွင့် မိသားစု ရေလှူဒါန်းရေးအဖွဲ့ နှင့်အခြားရေ အလှူရှင်များမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ကံပွင့်မိသားစု ရေလှူဒါန်းရေးအဖွဲ့အနေဖြင့် ဂါလန် ၁၈၀ဝ ဆံ့ကိုယ်ပိုင်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေ လှူဒါန်းပေးလျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ၉၈ ခေါက် ၊၂၀၁၇ ခုနှစ်တွင် ၅၁ ခေါက် ၊၂၀၁၈ ခုနှစ်တွင် ၆၇ ခေါက် ရေလှူဒါန်းပေးခဲ့ရပြီး ယခုနှစ်တွင် နှစ်မကုန်သေးသော်လည်း ၁၀၆ ခေါက်အထိ ရေလှူဒါန်းပေးရခဲ့ရကြောင်း သိရသည်။ နောက်ရက်များတွင် မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းမရှိသေးပါက ရေဆက်လက် လှူဒါန်းပေးရဖွယ်ရှိကြောင်း ကံပွင့်မိသားစု ရေလှူဒါန်းရေး အဖွဲ့ခေါင်းဆောင် ဦးခင်ဇော်က ခန့်မှန်း ပြောပြသည်။
ရေစကြိုမြို့နယ်၏ ၁၀ နှစ်အတွင်း ပျမ်းမျှမိုးရေချိန်လက်မမှာ ၂၂ ဒသမ ၇၁ လက်မ ဖြစ်ပြီး မိုးရွာရက် မှာ ၃၇ ရက်ဖြစ်ကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)


