ရေစကြို စက်တင်ဘာ ၂
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစကြိုမြို့နယ် ပခန်းကြီးနယ်မြေ မီးသတ်စခန်း၏ တောင်ဘက် (၂)မိုင်ခန့်အကွာ ဆင်ချောင်းကျေးရွာအုပ်စု၊ ဆင်ချောင်းကျေးရွာအနီး ပခုက္ကူ-မန္တလေးကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ်(၁၆/၃)နှင့် (၁၆/၄)အကြားနှင့် မြို့နယ်မီးသတ်စခန်း အနောက်တောင်ဘက် (၆)မိုင်ခန့်အကွာ ကံသစ်ကျေးရွာအုပ်စု၊ ကံသစ်ကျေးရွာအနီး ပခုက္ကူ-မန္တလေး ကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၂၁/၀)နှင့် (၂၁/၁)အကြားတို့တွင်ကားလမ်းေပါ်ရေကျော်မှု စက်တင်ဘာ၂ရက် နံနက် ၆ နာရီခန့်ကဖြစ်ပွားသည်။
ကားလမ်းပေါ် ရေကျော်နေမှုကြောင့် ပြည်သူများ သွားလာရာတွင် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိ၍ ရေစကြိုမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးနိုင်မျိုးအောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်၁၀ ဦး၊ အုပ်ချုပ်မှုယာဥ်တစ်စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇ ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပခုက္ကူ-မန္တလေး ကားလမ်းမကြီးရှိ ရေကျော်မှုဖြစ်ပေါ်ခဲ့သည့်နေရာများတွင် မိုးသည်းထန်စွာရွာသွန်း၍ လမ်းရေကျော်မှု ခဏတာဖြစ်ပေါ်ခဲ့သော်လည်း ခရီးသွားပြည်သူများအနေဖြင့် နေ့လယ် ၁၂ နာရီခွဲအချိန်မှစ၍ ပုံမှန်အတိုင်း ခရီးသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
နော်နော် (ချင်းတွင်းသား)


