ရေစကြို ၆ အောက်တိုဘာ
ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် စပ်မျိုးပြောင်းပင်များတွင် ကျရောက်သော ငမြောင်တောင်ပိုး Fall Army Worm (FAW) ကျရောက်မှု လျော့နည်းစေရေး၊ စပ်မျိုးပြောင်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မနှစ်ကပိုးကျခဲ့တဲ့အတွက် ဒီနှစ် ဖြစ်နိုင်ရင် အစေ့ထုတ်ပြောင်းကို ဒီနှစ်မစိုက်စေချင်ဘူး။ စိုက်မယ်ဆိုရင်လည်း တစ်ပြိုင်ထဲတစ်ချိန်ထဲ စိုက်မယ်၊ နောက်ပြီးရင် နောက်ထပ်ဆက်ခါဆက်ခါ မစိုက်သင့်ဘူးပေါ့နော်။ အဲလိုလုပ်မယ်ဆိုရင် နောက်စိုက်တဲ့ အစေ့ထုတ်ပြောင်းပင်တွေကြရင် ပိုးကျရောက်မှုများမယ်၊ ထိန်းချုပ်ရခက်မယ်ပေါ့။ ဆေးဖြန်းရတဲ့ ကုန်ကျစရိတ်တက်လာမယ်၊ ဆုံးရှုံးမှုတွေများလာမယ်၊ အကျိုးအမြတ်နည်းမယ်ပေါ့။ ပိုးအဆမတန်ကျလာလို့ရှိရင် စိုက်သမျှ ဧကတွေ အကုန်လုံး ဆုံးရှုံးမှုနဲ့ရင်ဆိုင်ရလိမ့်မယ်ပေါ့။ အဲဒါကြောင့်မို့ နောက်ပိုင်းတွေ မစိုက်ဖို့ ကြေညာနေရတာပါ”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေးက ပြောသည်။
ရေစကြိုမြို့နယ်တွင် စပ်မျိုးပြောင်းစိုက်ပျိုးသည့် တောင်သူများသည် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်းတွင် စိုက်ပျိုးမှုအများဆုံးဖြစ်ကြောင်း သိရသည်။ အဆိုပါ သီးနှံရိတ်သိမ်းပြီးပါကလည်း တစ်နှစ်ပတ်လုံး စပ်မျိုးပြောင်းကိုသာ ထပ်ခါထပ်ခါ စိုက်ပျိုးကြလေ့ရှိကြောင်း သိရသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရန် စက်တင်ဘာ၊ အောက်တိုဘာလများတွင် တစ်ပြိုင်ထဲစိုက်ပျိုးပြီး ရိတ်သိမ်းပြီးပါက နောက်ထပ်စပ်မျိုးပြောင်းကို ထပ်မံမစိုက်ပျိုးကြဘဲ တခြားသီးနှံများကို စိုက်ပျိုးကြရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလျက်ရှိကြောင်း သိရသည်။ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း စပ်မျိုးပြောင်းစိုက်ဧက ၂၇၀ဝ၀ ခန့်စိုက်ပျိုးကြပြီး တစ်နှစ်အတွင်း စပ်မျိုးပြောင်းစိုက်ပျိုးချိန် သုံးရာသီအတွင်းတွင် စိုက်ဧက ၅ သောင်းခန့် စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ်ကို စိုက်ပျိုးရေးဦးစီးဌာနက ဘာလုပ်ချင်တာလဲဆိုရင် စက်တင်ဘာ၊ အောက်တိုဘာလမှာ အပြီးစိုက် နောက်ရာသီတွေ မစိုက်နဲ့ပေါ့နော။ စိုက်ရင် ဒီစက်တင်ဘာ အောက်တိုဘာမှာ ကျခဲ့တဲ့ပိုးဟာ နောက်အသစ်စိုက်တဲ့ အပင်ငယ်အတွက် စားဖို့အဆင်သင့်ဖြစ်နေတာပေါ့။ ပိုးရဲ့ life cycle က ကွင်းဆက်တစ်ခုလိုဖြစ်နေတယ်။ ဒါကြောင့်မို့လို့ မြစ်ရေတက်ရင် တော်တော်ကြီးကို ဝမ်းသာရမှာ၊ မြစ်ရေတက်ရင် ပြောင်းစိုက်ခင်းထဲမြစ်ရေဝင်ရင် စိုက်ခင်းထဲက မြေတွင်း အောင်းပိုးတွေ ဖောအာမီဝမ်း Fall Army Worm (FAW) တွေ အကုန်လုံးသေသွားမယ်။ သေသွားလို့ရှိရင် မျိုးဆက်တစ်ခုကိုဖြတ်လို့ရတယ်။ အခုဟာက မြစ်ရေမတက်တဲ့အတွက် ကြောင့်မို့လို့ ဒီမျိုးဆက်ကမပြတ်ဘူး။ သူ့လက်ခံပင်တွေမှာ ကျန်နေသေးတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။
အဆိုပါ ဖောအာမီဝမ်း (FAW) စပ်မျိုးပြောင်းဖျက်ပိုးများသည် တစ်နေရာမှတစ်နေရာသို့ မိုင် ၆၀ အထိ ပျံသန်းနိုင်ပြီး ၂၁ ရက်အတွင်း ကောင်ရေ ၂ ထောင်ခန့်အထိ ပေါက်ပွားလွယ်ကြောင်း သိရသည်။ ဖောအာမီဝမ်း ကျရောက်ပါက ပိုက်ဆံအကုန်ကျသက်သာကာ ပိုးသေစေသော နည်းလမ်းမှာ ပြောင်းပင်အရွက်ကတော့ထဲကို ရွှံရည်၊ ဆားရည်၊ လွှစာမှုန့်တို့ကို လောင်းထည့်ကာ ပိုးသေစေနိုင်ကြောင်း သိရသည်။ ပိုးကျရောက်မှုများလာ၍ ပိုးသတ်ဆေးသုံးလိုပါက ဗိုက်တာနံချကူနှင့် တမာပိုးသတ်ဆေးတို့ကို သုံးနိုင်ကြောင်း သိရသည်။ ထို့ပြင် ထန်းလျက်ရည်ကို အညိုရောင်ဖြစ်ခါတူးနံ့ ထွက်လာအောင်ချက်ပြီး ရေတစ်ဆ ထန်းလျက်ရည်တစ်ဆရောကာ ဘေးဘက်များတွင် အပေါက်များဖောက်ထားသော ရေသန့်ဘူးအတွင်းထည့်ကာ ဘူးကိုစိုက်ခင်းထဲ အတွင်း တိုင်တွင်ချိတ်ဆွဲထားပါက ပိုးများသေစေနိုင်ကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)


