ရေစကြို ၈ မတ်
ဘိုးဘွားအစဉ်အဆက် အိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် ရေစကြိုမြို့နယ် သက်ရွာကျေးရွာတွင် ထန်းမြေအိုး(ထန်းမြူအိုး) ပြုလုပ်ရောင်းချသူ နည်းပါးဖြစ်လာလျက်ရှိသည်ဟု သိရသည်။
“ထန်းမြေအိုးက လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းကတော့ တော်တော်လေးတွင်ကျယ်တာပေါ့။ အခုနောက်ပိုင်းမှာ ထန်းသမားနည်းတဲ့အတွက် ထန်းမြေအိုးလုပ်တဲ့သူ နည်းသွားတာပေါ့”ဟု ထန်းမြေအိုးပြုလုပ်ရောင်းချသူ ဦးတင်ဆောင်က ပြောသည်။
အဆိုပါကျေးရွာတွင် ယခင်က ထန်းမြေအိုးများကို တပို့တွဲလမှ တန်ခူးလအထိ ပြုလုပ်ကြပြီး တစ်ရွာလုံး ထန်းမြေအိုး(ထန်းမြူအိုး) ဖုတ်ကြကြောင်း သိရသည်။ အိမ်တစ်အိမ်လျှင် ထန်းမြေအိုးအလုံးရေ ၃/၄ ထောင်ခန့် ပြုလုပ်ကြလေ့ရှိပြီး အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိကြောင်း သိရသည်။ ယခုအခါ တပေါင်းလတစ်လခန့်သာ ထန်းမြေအိုးပြုလုပ်ကြပြီး ထန်းမြေအိုးပြုလုပ်ရောင်းချသူ ၁၀ ဦးခန့်သာ ရှိတော့ကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် ယခင်က တစ်မြို့နယ်လုံးနီးပါးခန့် ထန်းလုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြရာ ယခုအခါ ထန်းလုပ်ငန်းလုပ်ကိုင်သူ နည်းပါးသွားသောကြောင့် သက်ရွာကျေးရွာမှ ထန်းမြေအိုး(ထန်းမြူအိုး)များကို ဝယ်ယူသူနည်းပါးသွားသဖြင့် ထန်းမြေအိုး ပြုလုပ်ရောင်းချသူ နည်းပါးလာခြင်းဖြစ်ကြောင်း သိရသည်။
“ထန်းသမားတွေက ထန်းသိပ်မတက်ကြတော့ နည်းသွားတာ၊ ဟိုတုန်းကတော့ တအားလုပ်ရတယ်။ ထန်းမတက်တော့ကျတော့ ဝယ်သူမရှိတော့ ရောင်းရနည်းသွားတာ၊ ထန်းမြေအိုးလုပ်တဲ့သူလည်း နည်းသွားပြီ၊ ဝယ်သူကလည်းနည်းသွားပြီ”ဟု ထန်းမြေအိုး ပြုလုပ်ရောင်းချသူ မစန်းက ပြောသည်။
သက်ရွာကျေးရွာမှ ထန်းမြေအိုး(ထန်းမြူအိုး) ပြုလုပ်ရောင်းချသူများသည် ယခင်က ထန်းမြေအိုးများကို ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများအနှံ့ လှည်းများဖြင့် သွားရောက်ပို့ဆောင် ရောင်းချပေးကြလေ့ရှိသော်လည်း ယခုအခါ သက်ရွာကျေးရွာသို့ လာရောက်ဝယ်သူ အနည်းငယ်ကိုသာ ရောင်းချပေးနေရသည်ဟု သိရသည်။ ထန်းမြေအိုးတစ်လုံးလျှင် ငွေကျပ် ၂၅၀ ခန့်ဖြင့် ရောင်းချရလျက်ရှိသည်ဟု သိရသည်။
အိမွန်ဆွေ(ရေစကြို)