ပခုက္ကူ ၁၇ ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ထွက် မိုးကြက်သွန်နီအသစ်များ ပခုက္ကူဈေးကွက်သို့ တစ်ရက်လျှင် ပိဿာချိန် တစ်သိန်းကျော် နေ့စဉ်ဝင်ရောက်လာကြောင်း ပခုက္ကူ ကြက်သွန်နီ ပွဲရုံများထံက သိရသည်။

 

ရေစကြိုနယ်ထွက် ကြက်သွန်နီဈေးကွက်အတွင်း အဝင်များလာသော်လည်း ကြက်သွန်ဈေးနှုန်း ကျပ် ၂၀ဝ၀ အောက်မကျသေးဘဲ ကျပ် ၂၀ဝ၀ အထက်ဘက်တွင် ရှိနေသေးကြောင်း မြနီလာပွဲရုံ ပိုင်ရှင် ဦးတင်ကိုက ပြောသည်။

 

mdn

 

ယခုနှစ်တွင် မိုးကြက်သွန်အထွက်နှုန်းကောင်းပြီး ဆောင်းကြက်သွန်ကုန်ချိန် မိုးကြက်သွန် ဝင်လာသော်လည်း ဈေးနှုန်းအမြင့်ဆုံး ရောက်ရှိနေခြင်းကြောင့် မိုးကြက်သွန်စိုက်ပျိုးသည့် ရေစကြိုမြို့နယ် မိုးကြက်သွန်နီစိုက်တောင်သူများ ကြက်သွန်အပြိုင်နုတ်နေကြကြောင်း၊ ဈေးနှုန်းကောင်းရရန် အချိန်မီနုတ်ရောင်းနေကြခြင်းကြောင့် အချို့ရက်များတွင် ပခုက္ကူ ဈေးကွက်သို့ ပိဿာချိန်နှစ်သိန်းကျော်ထိ ဝင်ရောက်ရှိလာသော်လည်း ကြက်သွန်နီဈေးနှုန်း ကျပ် ၂၀ဝ၀ အထက်တွင်သာ ရရှိနေသေးကြောင်း၊ ယနေ့ ပေါက်ဈေးမှာ ထိပ်စ ၂၃၅၀ ကျပ်နှင့် အောက်စ ၂၁၀ဝ ကျပ်ဈေးရှိကြောင်း၊ ရောင်းချရကြောင်း ရေစကြိုမြို့နယ် ဗလဗကျေးရွာ မိုးကြက်သွန်စိုက် တောင်သူ ဦးဝင်းလှိုင်က ပြောသည်။

 

မိုးကြက်သွန်နီများအား ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် ချင်းတွင်းမြစ်ကမ်း ရေဝင်နေရာများ ရေကျချိန်နှင့် ကျွန်းမြေပေါ်ချိန်ဖြစ်သည့် တော်သလင်းလ၊ သီတင်းကျွတ်လတို့တွင် စိုက်ကြကာ တန်ဆောင်မုန်းလ ဒုတိယပတ်နှင့် နတ်တော်၊ ပြာသိုလတို့တွင် နုတ်ရောင်းကြပြီး မိုးကြက်သွန်စိုက်ရာတွင် ဆောင်းကြက်သွန်စိုက်ပျိုးသည့် ကုန်ကျစရိတ်ထက် တစ်ဝက်တောင်မကုန်ဘဲ အချိန်တိုအတွင်း ရောင်းချရခြင်းနှင့် ဈေးကောင်းချိန်ဖြစ်သည့်အတွက် မိုးကြက်သွန်စိုက်တောင်သူများ ယမန်နှစ်ကရော ယခုနှစ်ပါ ဈေးကောင်းမိခြင်းကြောင့် အဆင်ပြေကြကြောင်း သိရသည်။

 

မိုးကြက်သွန်စိုက်ရာတွင် ဥကိုပြန်စိုက်ရခြင်းကြောင့် ကြက်သွန်ဥသေး စိုက်ချင်သလောက် စုဆောင်းဝယ်ယူထားရကြောင်း၊ စိုက်ပျိုးချိန် မိုးမိလျှင် ပို၍ကောင်းကြောင်းနှင့် မိုးမမိလျှင် နှစ်ရေသုံးရေ ရေသွင်းပေးရကြောင်း၊ ရေသွင်းရာတွင် ဆယ်ရက်တစ်ခါ ရေသွင်းရကြောင်း၊ မိုးရာသီအစိုဓာတ်နှင့် အပင်ထွက်လာကာ မိုးဝေးပါက ရေသွင်းရခြင်းသာရှိကြောင်း၊ ကုန်ကျစရိတ် အလွန်နည်းသည့် မိုးကြက်သွန်အား ရေစကြိုမြို့နယ် ကျွန်းစိုက်တောင်သူများ အများအပြား စိုက်ပျိုးကြကာ ဗလဗကျေးရွာ၊ ငါးမြှာလေး၊ ငါးမြှာကြီး၊ ကျော်ထင်ကုန်း၊ ဇယမ ကျေးရွာများနှင့် မြစ်ကမ်းဘေး ကျွန်းစိုက်တောင်သူများ မိုးကြက်သွန်စိုက်ကြကာ ထွက်ရှိလာသည့် ကြက်သွန်နီများအား ပခုက္ကူဈေးကွက်သို့ လာရောက်ရောင်းချကြကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)