၁၃ မေ
ပူပြင်းခြောက်သွေ့မှုကြောင့် ရွှေစက်တော် ဘေးမဲ့တောအတွင်းရှိ ရေကန်များ ရေခန်းခြောက်မှုများ ဖြစ်ပေါ်နေသော်လည်း ဘေးမဲ့တောအတွင်းရှိ ရွှေသမင်များ အပါအဝင် တိရစ္ဆာန်များအတွက် သစ်တောဦးစီးဌာနမှ ကန်ရေဖြည့်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“နှစ်စဉ်နှစ်တိုင်း ရာသီဥတု ပူပြင်းခြောက်သွေ့ရင် ဘေးမဲ့တောထဲက ရေကန်တွေ ရေခန်းခြောက်မှု ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလိုဖြစ်ပေါ်ရင် ကျွန်တော်တို့ဌာနက ဘေးမဲ့တောထဲက တိရစ္ဆာန်တွေအတွက် ကန်တွေထဲကို ရေဖြည့်ပေးရပါတယ်။ ရေကန်တွေ အားလုံးကိုတော့ ရေဖြည့်လို့မရပါဘူး။ ကားဝင်လို့ရတဲ့ ရေကန်တွေကိုပဲ ရေဖြည့်ပေးပါတယ်” ဟု မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအုန်းလွင်က ပြောသည်။
သစ်တောဦးစီးဌာနအနေဖြင့် ရွှေစက်တော် ဘေးမဲ့တောအတွင်း ပူပြင်းခြောက်သွေ့မှုကြောင့် ရေကန်ရေခန်းခြောက်မှုအတွက် ရေကန်ရေဖြည့်ခြင်း လုပ်ငန်းများကို ရေတိုအနေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရှည်အတွက် ဆယ်နှစ်စီမံကိန်းရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ရေခန်းခြောက်ချိန်မှာ ရေဖြည့်ပေးတာကတော့ ရေတိုဆောင်ရွက်မှုပါ။ ရေရှည် အနေနဲ့ ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ ဒီဧရိယာအတွက် ဆယ်နှစ်စီမံကိန်း ရေးဆွဲ ဆောင်ရွက်သွားဖို့ ဌာနကို တင်ပြထားပါတယ်။ အတည်ပြုချက်ရရင် ၂၀၁၉-၂၀၂၀ ကစပြီး ၂၀၂၈-၂၀၂၉ အထိ အကောင်အထည်ဖော်သွားမှာပါ။ နှစ်တိုင်းလည်း ဒီပြဿနာလေးတွေက ကြုံတွေ့ရပါတယ်။
“ရွှေစက်တော် ဘေးမဲ့တောထဲမှာ မိုးရေစုထားတဲ့ ရေကန်ကိုးကန်ရှိပါတယ်။ ပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ တစ်ဖက်ပိတ်တမံဆည် တစ်ခုတည်ဆောက်ထားတာလည်း ရှိပါတယ်။ ဒီဆည်ထဲမှာ ရေအနက်သုံးပေလောက် ကျန်ပါသေးတယ်။ ဒီရေနဲ့ သဘာဝတောထဲမှာ ကျက်စားတဲ့ တိရစ္ဆာန်တွေအတွက် မလုံလောက်ပါဘူး။ ရွှေသမင်တွေကလည်း ပျံ့နှံကျက်စားတာ ဖြစ်တဲ့အတွက် ဒီဘက်ကို မလာတာမျိုးရှိပါတယ်။ ဒီဘက်မှာ ကျက်စားလာတဲ့ အကောင်ငါးရာလောက်တော့ ဒီဆည်ကို မှီခိုလို့ရပါတယ်။
အရင်က တပ်မတော်က ဝါစိုက်တဲ့နေရာတွေမှာ ရေသွင်း မြောင်းတွေ ရှိတယ်၊ ပြီးတော့ ကွင်းပြောင်ကျယ်ကျယ်လည်း ရှိတော့ ရွှေသမင်တွေက အဲဒီဘက်မှာ ကျက်စားပါတယ်။ အခုတော့ တပ်မတော်က ဝါစိုက်တာ နည်းသွားတဲ့အတွက် အဲဒီဘက် ကားဝင်လို့ရတဲ့ ရေကန်နှစ်ကန်ကို ဧပြီလဆန်းကစပြီး ရေဖြည့်ပေးနေပါတယ်။
“ရွှေစက်တော် ဘေးမဲ့တောထဲမှာ ကားဝင်လို့ရတာ ရေကန်တစ်ကန်ပဲရှိပါတယ်။ ကျန်တဲ့ ခြောက်ကန်က ကားလမ်းမပေါက်တော့ ရေဖြည့်လို့ မရပါဘူး။ ဒီရေကန် သုံးကန်ထဲက ကျောက်ဖြူကန်ကို မတ်လ တတိယအပတ်ကစပြီး ရာသီဥတုနဲ့ ကန်ထဲမှာရှိတဲ့ ရေအခြေအနေအပေါ်မူတည်ပြီး ရေဖြည့်နေပါတယ်”ဟု ဘေးမဲ့တောအတွင်းရှိ ရွှေသမင်များအပါအဝင် တိရစ္ဆာန်များအတွက် သစ်တောဦးစီးဌာနမှ ကန်ရေဖြည့်ပေးခြင်း ဆောင်ရွက်မှုအပေါ် ဦးအုန်းလွင်က ရှင်းပြသည်။
“ကျွန်တော်တို့ နယ်မြေကွင်းဆင်းတဲ့အခါ ရေကန်တွေက တခြားနှစ်တွေထက်ကို ပိုပြီးခန်းခြောက်နေတာ တွေ့ရတယ်။ ကျွန်တော်တို့ အဖွဲ့တွေက တပ်မတော် စိုက်ပျိုးရေးတပ်ကို အကူအညီတောင်းပါတယ်။ သူတို့မှာ ကားရှိတဲ့အတွက် အကူအညီပေးပြီး ရေဖြည့်ပါတယ်။ အဲဒါကို ကျွန်တော်တို့က လူမှုကွန်ယက် ဖေ့ဘုတ်တင်တဲ့အခါ သိတဲ့သူတွေ များသွားပါတယ်။ လှူပါရစေဆိုပြီး ပြောလာကြပါတယ်။ အဲဒါနဲ့ ရေဖြည့်ဖို့ ပိုက်ဆံတွေကို ကျွန်တော့်ဆီကို Wave Money က လွှဲပေးကြပါတယ်။ တစ်နေ့တည်းတင် ဆယ်သိန်းကျော်သွားပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း ပါဝင်လှူဒါန်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တောထဲမှာနေတာ ဖြစ်တဲ့အတွက် ဒီအလှူငွေတွေကို သေချာစိစစ်ပြီး စနစ်တကျ လုပ်ကိုင်ဖို့ အဖွဲ့မဖွဲ့ရသေးတော့ မလှူကြပါနဲ့တော့ ဆိုပြီးပိတ်ရပါတယ်။ သေချာဆောင်ရွက်နိုင်ဖို့ Bank Account ဖွင့်ပြီး အဖွဲ့နဲ့ ဆောင်ရွက်နိုင်အောင်တော့ စီစဉ်သွားဖို့ ရှိပါတယ်” ဟု ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောသည်။
ယခုနှစ် ဧပြီလဆန်းတွင် ရွှေစက်တော် ဘေးမဲ့တောအတွင်းရှိ ရွှေသမင်ကောင် ရေကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ရွှေစက်တော် ဘေးမဲ့တောအတွင်း ရွှေသမင်ကောင်ရေ ၉၅၂ ကောင်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
“ရွှေသမင်ကို အဓိက ထားပြောတယ်ဆိုတာက ရွှေစက်တော် ဘေးမဲ့တောအတွက် ရွှေသမင်တွေက တန်ဖိုးအရှိဆုံးလို ဖြစ်နေလို့ပါ။ ရွှေသမင်မျိုးစိတ်က မြန်မာမှာ၊ ကမ္ဘာမှာ ရှားပါးတဲ့ မျိုးစိတ်ဖြစ်လို့ပါ။ မြန်မာနိုင်ငံမှာ ချပ်သင်းဘေးမဲ့တောနဲ့ ရွှေစက်တော ဘေးမဲ့တောမှာသာရှိတဲ့ မျိုးစိတ်မို့ပါ” ဟု ဦးအုန်းလွင်က ပြောပြသည်။
ထို့ပြင် ရွှေစက်တော် ဘေးမဲ့တောအတွင်းရှိ ကြယ်လိပ် မွေးခါစ အကောင်ငယ်များ သေဆုံးမှုလည်းရှိကြောင်း သိရပြီး ထိုသို့ သေဆုံးရခြင်းမှာ အပူလွန်ကဲမှုကြောင့် ဖြစ်သည်ဟု WCS မှ လိပ်ပညာရှင်က သုံးသပ်ထားကြောင်း သိရသည်။
“ရွှေစက်တော် ဘေးမဲ့တောထဲက ကြယ်လိပ်ကလေးတွေ သေဆုံးမှုလည်း ရှိပါတယ်။ လိပ်ခြံကအကောင်ငယ်လေးတွေပါ။ အကောင်ငယ်လေးတွေက မွေးမွေးချင်း ကျောက်တည်ရောဂါနဲ့ သေဆုံးကြတာဖြစ်ပါတယ်။ လိပ်ပညာရှင်တွေ ဥထဲမှာ သန္ဓေတည်ချိန်က ရာသီဥတု ပူပြင်းတဲ့အချိန်ဖြစ်နေတော့ ရေဓာတ်ခန်းခြောက်တာကြောင့် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ တောထဲကို ပြန်လွှတ်တဲ့အထဲကလည်း သေဆုံးတာရှိပါတယ်။ နွေရာသီပူပြင်းခြောက်သွေ့တော့ တောထဲမှာ ကြယ်လိပ်တွေကိုတော ခွေးတွေက အလွယ်တကူ ရှာတွေ့ပြီး တောခွေးတွေက စားလို့ သေဆုံးတာမျိုး ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ရွှေစက်တော် ဘေးမဲ့တော ဧရိယာသည် ၁၁၄၆၇၈ ဧက ကျယ်ဝန်းကြောင်း သိရှိရပြီး အဆိုပါ ဘေးမဲ့တောအတွင်း ကင်မရာထောင်ချောက်များ တပ်ဆင်ကာ ရွှေသမင်အပါအဝင် တိရစ္ဆာန်များ သွားလာကျက်စားနေထိုင်မှုကို သစ်တောဦးစီးဌာနမှ လေ့လာစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ရှင်မင်း