မင်းဘူး  ဩဂုတ်  ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်ရှိ ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ်များ ၂၀၇၂ ကောင်အထိ မျိုးပွား၍ ပေါက်ဖွားလာကြောင်း ရွှေစက်တော် ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။                

ရွှေစက်တော် ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်သာ တွေ့ရသော ဒေသရင်းဖွား မျိုးစိတ်ဖြစ်သည်။ မြန်မာ့ကြယ်လိပ် (ခ) ပင့်ကူလိပ် Burmese Star Tortoise များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်မှ ကာကွယ်နိုင်ရန် မန္တလေး ရတနာပုံဥယျာဉ်၊ လောကနန္ဒာ ဘေးမဲ့တော၊ မင်းစုံတောင် ဘေးမဲ့တော၊ ရွှေစက်တော် ဘေးမဲ့တောတို့တွင် ခြံခတ်မွေးမြူခြင်းကို သစ်တောဦးစီးဌာန၊ သားငှက်တိရစ္ဆန်အဖွဲ့နှင့် လိပ်မျိုးရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင် ၂၉၇ ကောင်မှ ယခုအချိန်တွင် ၂၀၇၂ ကောင်အထိ မျိုးပွားကာ ပေါက်ဖွားလျက်ရှိသည်။

ကြယ်လိပ်များကို ကျေးလက်တောရွာများတွင် နေထိုင်ကြသူများက စားသုံးရန် အမဲလိုက်ခွေးများ အသုံးပြု၍ ရှာဖွေဖမ်းဆီး သတ်ဖြတ်ခြင်း၊ လူချမ်းသာများက ကြယ်လိပ်များကို အိမ်အလှမွေး တိရစ္ဆာန်အဖြစ် တွင်ကျယ်စွာ မွေးမြူလာခြင်းတို့ကြောင့် တရားမဝင် ရောင်းဝယ်မှုများရှိခြင်း၊ လိပ်များကျက်စားသည့် နယ်မြေရှိ သစ်တော၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုးမြေ ပြုလုပ်လာခြင်းတို့ကြောင့် ကြယ်လိပ်များ မျိုးသုဥ်း၍ ရှားပါးလာခဲ့သည်။ ထို့ကြောင့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်မှ ကာကွယ်နိုင်ရန် ခြံခတ်၍မွေးမြူလာခဲ့ခြင်းဖြစ်သည်။

ကြယ်လိပ်များ၏ မျိုးပွားမှုမှာ စက်တင်ဘာလ နှောင်းပိုင်းမှ မေလအထိ ဥများ ဥချလေ့ရှိပြီး တစ်ခါဥလျှင် (၁၁)လုံးအထိ ဥ၍၊ တစ်နှစ်လျှင် သုံးလေးကြိမ် ဥသည်။ ဇွန်၊ ဇူလိုင်လများတွင် အကောင်ပေါက်လေ့ရှိကြကာ ဩဂုတ်လအထိ မပေါက်သော ဥများမှာ ပျက်စီးကြသည်။ ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် အပူချိန်မြင့်မားသည့်အပြင် သဲမြေများ ဖြစ်‌သောကြောင့် အကောင်ပေါက်ပွားနှုန်း ၅၀ မှ ၇၀ ရာခိုင်နှုန်း အတွင်းသာ အကောင်ပေါက်ကြသည်။ လိပ်သားပေါက်များသည် ပုံမှန်အစာစားကြသော်လည်း ခန္ဓာကိုယ်အလေးချိန် လျော့ကျပါက သန်ကျဆေးတိုက်ကျွေးရသည်။ ရေဓာတ်ခမ်းခြောက်လျှင် ဆီးအိတ်တွင် ကျောက်တည်ပြီး နှာရည်ယိုခြင်း၊ ခေါင်းပြန်မသိမ်းနိုင်ခြင်း၊ အစာမစားခြင်း၊ မျက်လုံးရောင်ခြင်း၊ ပါစပ်ဟခြင်းတို့ ဖြစ်လာပါက တိ/ကု ဆရာဝန်ဖြင့် ပြသရသည်။ ကြယ်လိပ်များကို အစာအဖြစ် ကန်စွန်းရွက်၊ ဘူးသီး၊ ဂေါ်ဖီ၊ ဖရဲသီး၊ ပေါက်ပေါက် စသည့် အစာများ ကျွေးမွေးနိုင်သည်။

ယခင်နှစ်များက မန်းရွှေစက်တော် ပွဲတော်ချိန်တွင် ဘုရားဖူးလာ ပြည်သူများ ကြယ်လိပ်များအား လေ့လာနိုင်စေရန် ပြခန်းရှိ ခြံလှောင်အိမ်ထဲ၌ သဘာဝကျောက်တုံး ကျောက်ဆောင်ငယ်များ ပြုလုပ်ကာ မွေးမြူ၍ ပြသခဲ့သေးသည်။ ရွှေစက်တော် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် ဥယျာဉ်၌ နို့တိုက်သတ္တဝါ (၁၄) မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၄၃)မျိုး၊ လိပ်ပြာမျိုးစိတ် (၃၉)မျိုး၊ ငါးမျိုးစိတ် (၂၂)မျိုး၊ ငှက်မျိုးစိတ် (၁၁၃)မျိုး တွေ့ရှိနိုင်သည့်အပြင် စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာဘီလုံးငှက်၊ ငှက်မင်းသား၊ ဗိုက်ဖြူ၊ ရွှေသမင်နှင့် ကြယ်လိပ်တို့ ကြက်စားနေထိုင်ကြပြီး မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိလာသဖြင့် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင် ထည့်သွင်းကာ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ထားကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)