မကွေး  ၂ ဖေဖေါ်ဝါရီ


နှစ်စဉ်ကျင်းပမြဲဖြစ်သော မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ် မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို လာမည့် ဖေဖေါ်ဝါရီ (၉) ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။


ယင်းဘုရားပွဲတော်ကြီးနှင့်အတူ  တစ်ဆက်တည်း ၎င်းနေ့မှာပင် ရွှေစက်တော်မန်းချောင်း ဆင်စခန်းကိုလည်း ဖွင့်ပွဲကျင်းပသွားမည်ဟု သိရသည်။ ဆင်စခန်း ဖွင့်ပွဲမတိုင်မီ ပွဲကြိုကတည်းကပင် မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ဆင်စခန်း ဖွင့်လှစ်ထားခြင်းကြောင့် မန်းချောင်းအတွင်း ရေချိုးနိုင်ခြင်းတို့ကြောင့် ဘုရားဖူးများဖြင့် ဖေဖေါ်ဝါရီလဆန်းပိုင်းမှာပင် အထူးစည်ကားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ဆင်စီး၍ သဘာဝတောတောင် ရေမြေအလှအပ ခံစားနိုင်ခြင်း၊ မန်းချောင်းအတွင်းမှ အထက်စက်တော်ရာဘုရားအား အဝေးက လှမ်းမျှော်ကြည်ညိုနိုင်ခြင်း၊ အပန်းဖြေနားနေနိုင်ခြင်းများ အပြည့်အဝ ရရှိစေမှာဖြစ်ကြောင်း မင်းဘူးသစ်ထုတ်လုပ်ရေးမှ လက်ထောက်မန်နေဂျာ ဦးလှသန်းက ပြောပြသည်။

 

mdn

 
ဆင်စခန်းသည် အထက်စက်တော်ရာ ဘုရား၏ အရှေ့တောင်ဘက် အထက်စက်တော်ရာသွား လမ်းမှ ၂ မိုင်ခွဲခန့်သာဝေးသည်။ ပဒါန်း  - ပုသိမ် -မုံရွာ လမ်းခွဲထွက်သည့် (၈) မိုင်လမ်းမှဝင်လျှင် (၅) မိုင်ခန့်လာရသည်။


ငှက်ပျောသီး၊ ကြံရိုးချောင်းများပါသည့် ဆင်စာတစ်ပွဲကျပ် (၁၀ဝ၀) နှုန်းဖြင့်လည်းကောင်း၊ ဆင်စီးခ လူတစ်ဦးကျပ် (၅၀ဝ၀) နှုန်းဖြင့်လည်းကောင်း ဆင်စီးပါက ဆင်စခန်းပတ်ဝန်းကျင် မန်းချောင်းရိုးတစ်လျောက် မိနစ် ၂၀ ကြာ စီးခွင့်ရမည်ဖြစ်သည်။ လူ ၃ ယောက် တစ်ပြိုင်နက် ဆင်ပေါ်တင်စီးနိုင်ပြီး စီးဆင်(၁၅)ကောင်ရှိကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီး မင်းဘူးသစ်ထုတ်လုပ်ရေးတွင် ဆင်အစီးကောင်ရေ (၈၀)ရှိပြီး တည်းခိုဆောင်၊ နားနေဆောင် စားသောက်ဆိုင်၊ တည်းကျောင်း ၁၁ ကျောင်း၊ ရှင်းလင်းဆောင်၊ နားနေဆောင်များတွင် ရေ၊ မီး အပြည့်အစုံ သစ်ပင် ပန်းမန်များ၊ လမ်းသာယာရေး၊ လုံခြုံရေး အစစအရာရာ ပြည့်စုံအောင် ခရီးသွား ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။   


ဝင်းမောင်(မကွေး)

 

mdn