မကွေး ၂၇ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မန်းရွှေစက်တော်၊ မန်းချောင်းအပန်းဖြေ ဆင်စခန်းရှိ ဆင် ၁၃ ကောင်အား ၄င်းတို့အကြိုက်အစာများကို ဘူဖေး ခင်းကျင်းကာ ၁၃ရက်တိုင် ကျွေးမွေးသွားမည် ဖြစ်ကြောင်း ဆင်စခန်း တာဝန်ရှိသူထံက သိရသည်။
ဆင်များကြိုက်နှစ်သက်သည့် ဖရဲ၊ သခွား၊ ပြောင်း၊ ကြံ၊ ဖရုံ၊ ပြောင်းဖူး၊ ပန်းသီး၊ နာနနတ်သီး၊ ငှက်ပျောသီးတို့ကို ဘူဖေးခင်း၍ကျွေးသွားမည်ဖြစ်သည်။
"ကိုဗစ်ကာလမှာ ခရီးသွားလုပ်ငန်းတွေရပ်နားထားရတဲ့အတွက် ဆင်စာကျွေးသူတွေမရှိတော့ပါဘူး။ လာရောက်လှူဒါန်းသူတွေရှိပေမယ့် နည်းပါတယ်။ တစ်ရက်စာအနည်းဆုံး(၅)သောင်းကျပ်ကနေ အများဆုံး(၁)သိန်းကျပ်ထိ လှူဒါန်းနိုင်ပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး ဘူဖေး ၁၃ရက်စာ ငွေကျပ် ၁၃ သိန်းကို ရွှေသံလွင် မီဒီယာကုမ္ပဏီလီမိတက်က လာလှူခဲ့ပါတယ်'' ဟု ရွှေစက်တော်၊ မန်းချောင်းအပန်းဖြေဆင်စခန်းတာဝန်ခံ ကိုအောင်ကိုကိုထက်က ပြောသည်။
မင်းဘူးခရိုင် ပဒေါင်း-ပျော်ဘွယ်ကြိုးပြင်ကာကွယ်တောအတွင်းရှိ ဆင်စခန်းသို့ အထက်စက်တော်ရာသွားသည့် လမ်း၊ ကိုးခန်းကြီးလမ်းခွဲမှ ၃မိုင်ခရီး၊ ပဒါန်းဒေသအနီး ပုသိမ်း-မုံရွာလမ်းမှ ခွဲထွက်သည့် ၈မိုင်လမ်းမှ ၅မိုင်ခန့်ခရီး အကွာအဝေးရှိကြောင်း၊ ဆင်စခန်းမှာ ဧရိယာအကျယ် ဧက(၁၂၀)ကျယ်ဝန်းပြီး ဆင်စားကျက်မှာ ဧက(၇၀၀)အကျယ်ရှိကြောင်း သိရသည်။
ဆင်စခန်းသည် သီးခြားကမ္ဘာလေးတစ်ခုသဖွယ် သာယာလှပပြီး ရှုခင်းအလှကြည့်ရင်း ဆင်အပျော်စီးသူ၊ အလှဓါတ်ပုံရိုက်သူ၊ တောအလှ၊ တောသဘာ၀ကို ညအိပ်တည်းခိုခံစားလိုသူများအတွက် နေရာကောင်း တစ်ခုဖြစ်ပြီး ကိုဗစ်အလွန်ကာလတွင် အလည်အပတ်လာရောက်သင့်သည့် နေရာတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဇေယျတု (မကွေး)
