မင်းဘူး ၆ သြဂုတ်
ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအတွင်း ၂ ဧကခွဲအကျယ် ခြံ(၃)ခုတွင် ပြန်လွှတ်ရန် လေ့ကျင့်မွေးမြူထားသည့် ကြယ်လိပ်အကောင်ရေ ၆၅၀ အနက် ၃၅၇ ကောင်သည် ဘေးအန္တရာယ် အမျိုးမျိုးကြောင့် သေဆုံးမှုနှင့် ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဘေးမဲ့တောရုံးဦးစီးအရာရှိ ဦးသိန်းလွင် ထံမှ သိရသည်။
မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ ရွှေစက်တော်တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောရုံးနှင့် မိုင် ၂၀ ကျော် ကွာဝေးသည့် အဆိုပါခြံများတွင် ခြံအမှတ်(၁)နှင့်(၂)၌ ခြံစည်းရိုးများပေါက်ပြဲပြီး ကြယ်လိပ်များကို တောဝက်နှင့် တောခွေးများက ဝင်ရောက်စားသောက်ခြင်း၊ ခြံပေါက်ပြဲရာနေရာများမှ ကြယ်လိပ်များ တောထဲသို့ထွက်ကုန်ခြင်း၊ ကြယ်လိပ် ခိုးယူသူများရှိနေခြင်းတို့ကြောင့် အသေအပျောက်များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ဇူလိုင် ၁၅ ရက်နေ့က ခြံ ၁ နဲ့၂ မှာ ခြံစည်းရိုးတွေ ပေါက်ပြဲနေတာကို ဝန်ထမ်းတွေကတွေ့တယ်။ ဝင်စစ်တော့ တောဝက်ခြေရာတွေ တွေ့တယ်။ စားထားတဲ့ ကြယ်လိပ်အခွံတွေတွေ့တယ်။ ခြံထဲမှာရှာတွေ့တဲ့ ကြယ်လိပ်အရှင် ၂၈ ကောင်ကိုပဲ ပြန်ပြီးထိန်းသိမ်းထားတယ်။ ထည့်ထားတာက ခြံနှစ်ခြံပေါင်းကို အကောင်ရေ ၄၀ဝ ကျော်ထည့်ထားတာ” ဟု ရွှေစက်တော် ဘေးမဲ့တောရုံး ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောသည်။
ခြံအမှတ် (၃) ကိုစစ်ဆေးရာတွင် လုံခြုံမှုရှိသော်လည်း အကောင်ရေ (၁၁၀) လျော့နည်းနေသဖြင့် ကင်မရာများ တပ်ဆင်၍ စောင့်ကြည့်ခဲ့ရာ ဇူလိုင်လ ၂၄ ရက်နေ့က ကျောပိုးအိတ်၊ လွယ်အိတ်နှင့် ခါးတွင်ဓါးများချိတ်ဆွဲထားသူ မသင်္ကာဖွယ်ရာ လူစိမ်းနှစ်ဦးကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဌာနအကြီးအကဲများနှင့် ရဲတပ်ဖွဲ့ထံတင်ပြ၍ အမှုဖွင့်ထားခဲ့ကြောင်းသိရသည်။
“ဘေးမဲ့တောရုံးကခြံထဲမှာ ကြယ်လိပ်လေးတွေကို အသက် ၄ နှစ်သား၊ ၅ နှစ်သားထိ အစားကျွေးပြီး မွေးတယ်။ ပြီးရင် တောထဲမှာ ၂ ဧကခွဲအကျယ် ခြံခတ်ပြီး ရှာဖွေစားသောက်တတ်အောင် လွှတ်ထားပေးတယ်။ ရှင်သန်ရပ်တည်ဖို့ သူတို့ဘာသာ ကြိုးစားရတော့တာပေါ့။ လူတွေကျွေးတဲ့အစာ မရတော့ဘူး။ ရေကန်လေးတွေတော့ လုပ်ပေးထားတယ်။ တစ်နှစ်ပြည့်တဲ့အထိ စောင့်ကြည့်ပြီး သူတို့ဘာသာ ရှာစားတတ်လာပြီဆိုရင် ခတ်ထားတဲ့ခြံတွေကို ဖျက်ပြီး တောထဲကိုလွှတ်ပေးတယ်” ဟု ဘေးမဲ့တောထဲသို့ ကြယ်လိပ်များ လွှတ်ပေးပုံကို ဦးသိန်းလွင်က ရှင်းပြသည်။
တောထဲရှိကြယ်လိပ်ခြံများတွင် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ TSA က ခန့်ထားသည့် ဒေသခံဝန်ထမ်း ၈ ဦးရှိပြီး ခြံများပေါက်ပြဲနေသည်ကို ၎င်းတို့က သတိထားလိုက်မိပုံ မပေါ်ကြောင်း၊ ပြီးခဲ့သည့် ၃ နှစ်အတွင်း ယခုလိုမျိုးဖြစ်စဉ် တစ်ခါမှ မဖြစ်ခဲ့ဖူးဘဲ မတ်လနှင့်ဧပြီလများအတွင်းကမူ ရာသီဥတုပူပြင်းမှုကြောင့် ကြယ်လိပ်အကောင်ရေ (၆၀) ကျော် သေဆုံးမှုကြုံခဲ့ရကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားဌက်တရိစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော ဦးစီးအရာရှိ ဦးသိန်းလွင်ထံမှ သိရသည်။
ဇေယျတု(မကွေး)


