မင်းဘူး ၂၅  ဇွန်

 

မင်းဘူးခရိုင် ၊ရွှေစက်တော်ဘေးမဲ့တောရှိ ကြယ်လိပ်ခြံများတွင် နှစ်စဉ်ကြယ်လိပ်ဥအလုံးရေ တစ်ထောင်ကျော် မိတ်လိုက်ဥဥခြင်းမှ ရရှိနေပြီး အကောင်ပေါက်ဖွား အသက်ရှင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းရှိကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

“ ကြယ်လိပ်တွေက တစ်နှစ်ကို နှစ်ကြိမ် ၊ သုံးကြိမ်လောက် မိတ်လိုက်ပြီး ဥတတ်ပါတယ်။  ၂၀၁၉ ခုနှစ် ထဲမှာ ဥအလုံးရေ ၁၁၅၀ ရပါတယ်။ မွေးဖွားတာ ၅၀၇ ကောင်မွေးဖွားပြီးတော့ (၉၃) ကောင် သေဆုံးသွားပါတယ်။  ၄၁၄ ကောင် ရှင်သန်တဲ့အတွက် ၅၀ ရာခိုင်နှုန်းလောက် သားပေါက်တင်နှုန်း ရှိတယ်လို့ပြောလို့ရပါတယ်” ဟု ရွှေစက်တော်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးအောင်စိုးတင့် က ပြောသည်။

 

၂၀၂၀ ခုနှစ်တွင် ဥဥ သားပေါက် အထီး (၄၂) ကောင် ၊ အမ (၉၇) ကောင် ၊ စုစုပေါင်း (၁၃၉) ကောင်ရှိနေပြီး မိုးအကုန် စက်တင်ဘာလပိုင်းမှာ ထပ်မံဥဥမည့် ကာလဖြစ်ကြောင်း ၊ ဘေးမဲ့တော ကြယ်လိပ်ခြံများတွင် ကြယ်လိပ်အကောင်ရေ ၁၀၂၅ ကောင်ကို လတ်တလော ထိန်းသိမ်းမွေးမြူထားကြောင်း သိရှိရသည်။ 

 

ရွှေစက်တော် ၊ လောကနန္ဒာ ၊ မင်းစုံတောင်စသည့် ကြယ်လိပ်ခြံများမှ ၅ နှစ်ပြည့်ပြီး ကြယ်လိပ်များကိုယူကာ ရွှေစက်တော်ဘေးမဲ့တောနှင့် ၂၆ မိုင်ကွာဝေးသည့် နေရာတစ်ခုတွင် နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်သည့် WCS ၏အစီအစဉ် ဖြင့် တစ်နှစ်ခြံလှောင်လေ့ကျင့်ပေးပြီး တောအတွင်း သဘာဝအတိုင်းရှင်သန်နိုင်အောင် လွှတ်ပေးနေကြောင်း သိရှိရသည်။ 

 

ဇေယျတု(မကွေး)