မင်းဘူး မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရှိ ရှားပါးမျိုးစိတ် စာရင်းဝင် ဒေသရင်းမျိုးစိတ် Endemic Species မြန်မာ့ကြယ်လိပ်များအား ရွှေစက်တော်ဘုရားပွဲရာသီအတွင်း လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။
ရွှေစက်တော် ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်သာ တွေ့ရသော ဒေသရင်းဖွား မျိုးစိတ်ဖြစ်သည်။ မြန်မာ့ကြယ်လိပ် (ခ) ပင့်ကူလိပ် Burmese Star Tortoise များကို ဒေသသုံး အမည်များအဖြစ် မြလိပ်၊ ဆီချိုလိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်း ခေါ်ဆိုကြပြီး ၂၀၀၄ ခုနှစ်မှစတင်ကာ မန္တလေး ရတနာပုံဥယျာဉ်၊ လောကနန္ဒာဘေးမဲ့တော၊ မင်းစုံတောင်ဘေးမဲ့တော၊ ရွှေစက်တော်ဘေးမဲ့တောတို့တွင် မွေးမြူခြင်းကို သစ်တောဦးစီးဌာန၊ သားငှက်တိရစ္ဆန်အဖွဲ့နှင့် လိပ်မျိုးရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကာ မွေးမြူခဲ့ကြကြောင်း သိရသည်။
ကြယ်လိပ်များကို ကျေးလက်တောရွာများတွင် နေထိုင်ကြသူများက စားသုံးရန် အမဲလိုက်ခွေးများ အသုံးပြု၍ ရှာဖွေဖမ်းဆီးသတ်ဖြတ်ခြင်း၊ တောခွေးများက ဖမ်းဆီးကိုက်ဖြတ် စားသောက်ခြင်း၊ ကြယ်လိပ်များကို အိမ်အလှမွေး တိရစ္ဆာန်အဖြစ် တွင်ကျယ်စွာမွေးမြူလာကြပြီး တရားမဝင် ရောင်းဝယ်မှုများရှိခြင်း၊ လိပ်များကျက်စားသည့် နယ်မြေရှိ သစ်တော၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုးမြေ ပြုလုပ်လာခြင်းနှင့် သားရဲတိရစ္ဆာန်များ၏ အန္တရာယ်မှကာကွယ်ရန် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်မှ ဝန်ထမ်းများက ကြယ်လိပ်အကောင်ရေ ၂၀၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်၍ ရွှေစက်တော်ဘုရားပွဲတော်ရာသီတွင် ဘုရားဖူးရင်း တဆက်တည်း ကြယ်လိပ်များပါ လေ့လာကြည့်ရှုနိုင်ကြကြောင်း ရွှေစက်တော် ဘေးမဲ့တောဥယျာဉ် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းက ပြောသည်။
ဇေယျာထက်(မင်းဘူး)