မင်းဘူး ၂၀ မတ်

 

မင်းဘူးခရိုင်၊ မန်းရွှေစက်တော်ဘုရားပွဲတော်ကို မတ်လ ၁၃ ရက်မှစ၍ ပိတ်လိုက်သော်လည်း ရွှေစက်တော် နှင့် ၃ မိုင်ခန့် အကွာရှိ မန်းချောင်းဆင်စခန်းအား ဆက်လက်ဖွင့်ထားမည်ဖြစ်ကြောင်း ဆင်စခန်းမန်နေဂျာထံမှ သိရသည်။

           

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကြိုတင်ကာကွယ်ရန် လူစုလူဝေးနှင့်သက်ဆိုင်သည့် ပွဲတော်များကို ပြည်ထောင်စု အစိုးရ၏ ညွှန်ကြားချက်ဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်သူများက ပိတ်သိမ်းမိန့် ထုတ်ပြန်ထားသော်လည်း မန်းချောင်းဆင်စခန်းမှာ လူစုလူဝေးဖြစ်လောက်သည့် အနေအထားမရှိ၍ ဆက်လက်ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

“ဆင်စခန်းက ဧရိယာကျယ်တယ်။ အခုအချိန်က လူစုလူဝေးဖြစ်လောက်အောင် လာတာမျိုးလည်း မရှိပါဘူး။  ရွှေစက်တော်ကလည်း ပိတ်လိုက်တော့ အဝင်အထွက် တော်တော်နည်းသွားတယ်။ ကျန်းမာရေးအနေနဲ့က စိုးရိမ်စရာမရှိဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့် ဆင်စခန်းက ပိတ်ထားတာမျိုးတော့ မရှိပါဘူး” ဟု မန်နေဂျာ ဦးအောင်နေလင်းက ပြောသည်။

                       

မန်းချောင်းဆင်စခန်းသို့ ရွှေစက်တော်မှသွားလျှင် ကိုးခန်းကြီးလမ်းခွဲမှ ၃ မိုင်ခန့်ကွာဝေးပြီး ပုသိမ် - မုံရွာကားလမ်း ၈ မိုင်လမ်းခွဲမှ အတွင်းသို့ ၅ မိုင်ခန့်ဝင်ရကြောင်း၊ နိုင်ငံသားတစ်ဦးလျင် ဝင်ကြေးတစ်ထောင်ကျပ်၊ နိုင်ငံခြားသား တစ်ဦးလျှင် ဝင်ကြေး တစ်သောင်းကျပ်နှင့် ဆင်စီးလျှင် တစ်ဦး ငါးထောင်ကျပ် ကောက်ခံပြီး အပန်းဖြေရန်၊ စားသောက်ရန်နှင့် တည်းခိုရန် နေရာများလည်း စီစဉ်ပေးထားကြောင်း သိရသည်။

                       

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ဖွင့်ခဲ့သည့် ဆင်စခန်းသည် ရွှေစက်တော်ဘုရားပွဲသို့ လာရောက်သူများအတွက် ဝင်ရောက်လည်ပတ်စရာ နေရာတစ်ခုဖြစ်ပြီး ပွဲတော်ပြင်ပကာလတွင် လာရောက်သူ အလွန်နည်းကြောင်း၊ သစ်ထုတ်လုပ်ရေးတွင် အသုံးမပြုတော့သည့် ဆင်(၁၂)ကောင်ကို အပန်းဖြေလာသူများ စီးနိုင်ရန် စီစဉ်ပေးထားပြီး ဆင်စခန်းဝင်ငွေများကို စခန်းဘက်စုံ ဖွံ့ဖြိုးရေးအတွက် ၆၀ ရာခိုင်နှုန်း၊ သစ်တောဦးစီးဌာနအတွက် ၂၀ရာခိုင်နှုန်း အသုံးပြုကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)