မင်းဘူး ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းအား ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားရာမှ ယခုအခါ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဆင်ချစ်သူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေး ကျွေးနိုင်ကြောင်း၊ လူကိုယ်တိုင်လာရောက်၍ ဆင်စာဘူဖေး ကျွေးချင်သူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနဲ့အညီ ဆောင်ရွက်ပေးနေကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေး လက်ထောက်မန်နေဂျာ ဦးလှသန်းထံမှ သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းကို ယခင်က မြန်မာပြည်အရပ်ရပ်ရှိ ခရီးသွားပြည်သူများနှင့် ဆင်ချစ်သူများ လာရောက်အပန်းဖြေ လေ့လာလည်ပတ်ရင်း ဆင်စာဘူဖေးများ အမြဲမပြတ် ကျွေးလျက်ရှိကြသော်လည်း ကိုဗစ်-၁၉ ကာလ ကူးစက်ရောဂါများကြောင့် ယာယီပိတ်ထားခဲ့သဖြင့် ဆင်ချစ်သူများ online page များမှသာ လှူဒါန်းကြကြောင်း သိရသည်။
အနယ်နယ်အရပ်ရပ်မှ ဆင်ချစ်သူများသည် online မှတစ်ဆင့် ဆင်စာဘူဖေးကျွေးလှူဒါန်းမှုများ ရှိသလို အလှူရှင်များကိုယ်တိုင် လာရောက်၍ ကျွေးမွေးလိုသူများအတွက် ဆင်စာများအဖြစ် နေဗီယာမြက်၊ ငှက်ပျောသီး၊ ငှက်ပျောပင်၊ ဖရုံသီး၊ ဖရဲသီး၊ သခွါးသီး၊ သရက်သီး၊ ပျောင်းဖူးများကို ကျွေးနိုင်ပြီး ဆင်စာများကို ရှာဖွေဝယ်ယူ၍ ကျွေးရတာကြောင့် အလှူရှင်များမှ တစ်ရက်ကြိုတင်ပြီး အကြောင်းကြားစေချင်ကြောင်းလည်း သိရသည်။
“ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းမှ ဆင်တွေကို ဆင်ချစ်သူတွေအနေနဲ့ ဆင်စာဘူဖေး လှူဒါန်းလိုပါက တယ်လီဖုန်းဖြင့်ဖြစ်စေ၊ ဆင်စခန်းများရဲ့ page တွေကဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်သလို အလှူရှင်တွေကိုယ်တိုင် ကျွေးနိုင်ပါတယ်။ ဆင် (၁၁)ကောင်ရှိသော်လည်း ငါးသောင်း၊ ခုနစ်သောင်းမှ တစ်သိန်းကျပ်အထိ မိမိတို့လှူဒါန်းလိုသလောက် ဆင်စာဘူဖေးများ ကျွေးနိုင်ပါတယ်” ဟု မင်းဘူးခရိုင် သစ်ထုတ်ရေး လက်ထောက်မန်နေဂျာ ဦးလှသန်းက ပြောသည်။
ဇေယျာထက်(မင်းဘူး)


