မင်းဘူး ဒီဇင်ဘာ ၁၂

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်းရှိ  ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းမှ ဆင်များအတွက် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းနိုင်ကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်ထံမှ သိရသည်။

 

“ဆင်စခန်းကို အခုလက်ရှိမှာ အဆက်မပြတ် ဖွင့်လှစ်ထားပြီးတော့  ဆင် ၁၁ ကောင်ရှိပါတယ်။ ရွှေစက်တော်ဘုရားပွဲတော်ချိန်မဟုတ်တော့  လာ ရောက်သူနည်းပါးတာပေါ့။ ဆင်စာအနေနဲ့က အွန်လိုင်းကနေ  လှူဒါန်းကျွေးမွေးတာတွေ ရှိပါတယ်။ ဆင်စာအခက်အခဲက   ရွှေစက်တော်ဘုရား ပွဲတော်ချိန်ကာလပြီးလို့ နွေဘက်ရာသီဥတု   ခြောက်သွေ့ချိန်လောက်ပဲ ခက်ခဲပြီး  မိုးနဲ့ဆောင်းကတော့ ဆင်စာကျက်မြေကျယ်ဝန်းတဲ့အတွက် ဆင်ထိန်းတွေနဲ့အတူ  တောထဲမှာ လွှတ်ကျောင်းထားရပါတယ်။ ဆင်စာကို Online ကနေလည်း ဆက်သွယ်ပြီး လှူဒါန်းကျွေးမွေးနိုင်သလို ကိုယ်တိုင်လာရောက်ကျွေးချင်တယ်ဆိုရင်လည်း ကြိုတင်ချိတ် ဆက်ထားမယ်ဆိုရင် အဆင်သင့်ကျွေးနိုင်အောင် ပြင်ဆင်ပေးပါတယ်။ ဘုရားပွဲတော်ကာလမှာ ဆင်လိမ္မာတွေနဲ့အတူဧည့်ခံပြီး ကပြဖျော်ဖြေတင်ဆက်မှုတွေ ဆောင်ရွက်နိုင်စေဖို့အတွက် ဆင်ထိန်းတွေနဲ့ ဆင်ဝန်ထမ်းတွေက လေ့ကျင့်သင်ကြားမှုတွေကို အမြဲမပြတ် ဆောင်ရွက်နေပါတယ်” ဟု ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင် က ပြောသည်။

 

အဆိုပါ ဆင်စခန်းတွင်  ဆင်ထီး လေးကောင်၊ ဆင်မ ခုနစ်ကောင် စုစုပေါင်း ဆင် ၁၁ ကောင်ရှိပြီး ဆင်ချစ်သူများအနေဖြင့် ဆင်စာဘူဖေး လှူဒါန်း ကျွေးမွေးလိုပါက ငွေကျပ် ၃၀၀၀၀ မှစပြီး ၅၀၀၀၀ ကျပ်နှင့် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ထားကာ မိမိတို့တတ်နိုင်သောနှုန်းထားဖြင့် Online မှတစ်ဆင့် ဆက်သွယ်လှူဒါန်း ကျွေးမွေးနိုင်သလို ဆင်စခန်းသို့ ကိုယ်တိုင်လာရောက်ပြီး ကျွေးမွေးနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ နာနတ် သီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီးနှင့် နေဗီယာမြက် များကို ဝယ်ယူကျွေးမွေးရပြီး အဓိကဖြည့်စွက်စာ အဖြစ် ဆေးနှင့် စပါးများကိုလည်း ကျွေးမွေးရကြောင်း၊ ဆင်စခန်းသို့ လာရောက်သူနည်းပါးချိန်နှင့် ဆင်စာဘူဖေးအလှူရှင် နည်းပါးချိန်တို့တွင် ဆင်များ ကို ကြိုပြင်ကာကွယ်တောအတွင်းရှိ စာကျက်မြေများ တွင် ဆင်ထိန်းများဖြင့် လွှတ်ကျောင်းထားရကြောင်း၊ ဆင်စာများ လှူဒါန်းကျွေးမွေးလိုပါက ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်း Facebook Page နှင့် ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင် ဖုန်း- ၀၉-၄၄၃၄၄၃၉၈၈ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)