ပျဉ်းမနား ၂၇ ဇွန်
နေပြည်တော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန(ရေအရင်းအမြစ်)မှ ကျေးလက်နေတောင်သူများဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ရေကိုစနစ်တကျ သုံးစွဲနိုင်ရေအတွက် တောင်သူများပါဝင်သည့် ရေအသုံးချသူ များအဖွဲ့ ဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
ထိုသို့ ဖွဲ့စည်းရာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန (ရေအရင်းအမြစ်)မှ ညွှန်ကြားရေးမှူး ဦးသူရ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မင်းဦးနှင့် တာဝန်ရှိသူများက ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းရခြင်း အကြောင်းအရင်းများ၊ ရည်ရွယ်ချက်၊ လိုက်နာရမည့် လုပ်ငန်းတာဝန်များ၊ ရရှိလာမည့် အကျိုးကျေးဇူးများ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ဖွဲ့စည်းမှုအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး တောင်သူများပါဝင်သည့် ရေအသုံးချသူများအဖွဲ့ (၅)ဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။
နေပြည်တော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန (ရေအရင်းအမြစ်)မှ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်အတွင်း အကျယ်(၁၀)လက်မရှိ စိုက်ပျိုးရေး စက်ရေတွင်း(၅)တွင်း တူးဖော်ပြီးစီးခဲ့ရာ ဒေခံတောင်သူများအနေဖြင့် စက်ရေတွင်းများမှ မိုးစပါး(ဖြည့်စွက်ရေ)နှင့် ဆောင်းသီးနှံ၊ နွေသီးနှံများ တိုးတက် အောင်မြင်စွာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


