ညောင်ဦး  ၉   နိုဝင်ဘာ

 

 

မန္တလေးတိုင်းဒေသကြီး ၊ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စွယ်တော်လေးဆူအနက် တစ်ဆူအပါအဝင် ဖြစ်သည့် ရွှေစည်းခုံဘုရားကြီး၏ (၉၆၀)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် နိုဝင်ဘာ ၁၁ ရက်၊ (တန်ဆောင်မုန်းလပြည့်နေ့) ည ၇ နာရီခွဲအချိန်တွင် ဆီမီး(၅၀ဝ၀)နှင့် ပန်းရေချမ်း ၊ အမွှေးနံ့သာတိုင်များ ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း အဆိုပါ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားကြီးဂေါပက အဖွဲ့မှ သိရသည်။

 

 

အဆိုပါ (၉၆၀)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆီမီး(၅၀ဝ၀) ထွန်းညှိပူဇော်ပွဲကို ရွှေစည်းခုံဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူး၍ စီစဉ်ကျင်းပခြင်းဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ ည ၇ နာရီခွဲအချိန်တွင် ထွန်းညှိပူဇော်သွားမည်ဖြစ်သည်။ ထိုသို့ ဆီမီးများ ထွန်းညှိပူဇော်ရာ၌ မြို့ပေါ်ရှိ ဝတ်ရွတ်အသင်း(၁၀)က အဖွဲ့များခွဲ၍ ဘုရားကြီးရင်ပြင်တော်ရှိ အာရုံခံတန်ဆောင်များတွင် နေရာယူ၍ ပဌာန်း တရားတော်များကို ကုသိုလ်ပါဝင် ရွတ်ဖတ်ပူဇော် ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆီမီးထွန်းညှိပူဇော်ပွဲအား မည်သူမဆို ကုသိုလ်ပြုပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

 

“ယခုနှစ်တွင်လည်း ကျွန်တော်တို့ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ရွှေစည်းခုံဘုရား ကြီးရဲ့ (၉၆၀)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆီမီး(၅၀ဝ၀) ထွန်းညှိပူဇော်ပွဲကို ထည့်သွင်း ကျင်းပသွားမှာဖြစ်ပါတယ်။ ဆီမီးထွန်းညှိပူဇော်ပွဲကိုတော့ ကျွန်တော်တို့ ဘုရားဂေါပကအဖွဲ့က ဦးဆောင်ပြီးတော့ ကျင်းပတာ ဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ ည ၇ နာရီခွဲအချိန်မှာ ထွန်းညှိပူဇော်သွားမှာဖြစ်ပါတယ်။ ဆီမီးများ ထွန်းညှိပူဇော်ရာမှာ လည်း မြို့ပေါ်ရှိ ဝတ်ရွတ်အသင်း(၁၀)သင်းက ကုသိုလ်ပါဝင်ပြီးတော့ ပဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ကြမှာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆန်း(၈)ရက်နေ့မှ ကျင်းပမြဲဖြစ်တဲ့ ရွှေစည်းခုံဘုရားကြီး၏ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ဟာဆိုရင် ကျွန်တော်တို့ဒေသမှာရှိတဲ့ ဗုဒ္ဓပူဇနိယပွဲတော်တွေထဲမှာ အစည်းကားဆုံး ဘုရားပွဲတော်ကြီး တစ်ခုဖြစ်လို့ ရပ်ဝေးရပ်နီးကလာတဲ့ ဘုရားဖူးဧည့်သည်တွေနဲ့ အရမ်းကို စည်ကားသိုက်မြိုက်လျက်ရှိပါတယ်။ ဘုရားပွဲ လာတဲ့ ဘုရားဖူးဧည့်သည်တွေ စိတ်အပန်းဖြေနိုင်ရန်အတွက် ဗလာအငြိမ့်ဇာတ်ပွဲများ ၊ ခြင်းပညာရှင်များ၏ ခြင်းလုံးအလှခတ် ပြပွဲများ ၊ စည်းခုံရှင်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးတဲ့အပြင် အနယ်နယ်အရပ်ရပ်က (၁၂)ပွဲ ဈေးသည်များ၏ ဈေးဆိုင်ခန်းပေါင်း ၁၀ဝ၀ နီးပါးခန့် ခင်းကျင်းရောင်းချလျက်ရှိသည့် အတွက် တစ်နေရာတည်းမှာ  ကြိုက်နှစ်သက်ရာ အသုံးအဆောင်ပစ္စည်းမျိုးစုံကို ဝယ်ယူနိုင်တာကြောင့် နှစ်စဉ်နှစ်တိုင်း အရမ်းစည်ကားတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်” ဟု ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလှကြိုင် ထံမှ သိရသည်။

 

 

ရဲဝင်းနိုင် ( ညောင်ဦး )