နေပြည်တော် ၅ ဩဂုတ်
“REDD+ တွင် လုံခြုံမှုအစီအမံများချမှတ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်း” နှင့် “ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးအခြေခံလက်မှုပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေးခန်းမ၌ ကျင်းပသည်။
ယနေ့ကမ္ဘာနှင့်အဝှမ်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပြီး ကမ္ဘာ့မိသားစု နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်း လဲမှု၏ အကျိုးဆက်များကို ခံစားလျက်ရှိနေသည်။ လွန်ခဲ့သည့် ဆယ်နှစ်နှင့်နှိုင်းယှဉ်ကြည့်လျှင် နှစ်စဉ်နှစ်တိုင်းအပူချိန် လွန်ကဲ မှုများ၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်း၊ ရာသီဥတုပြောင်းလဲမှု၏ အကြောင်း အရင်းများဖြစ်သည့် လုပ်ငန်းကဏ္ဍအသီးသီးမှ ထုတ်လွှတ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့များဖြစ်သော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များလေထုအတွင်း များပြားလာခြင်း ၊ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရန်အတွက် ကမ္ဘာနှင့်အဝှမ်းသစ်တောကြွယ်ဝသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် REDD+ လုပ်ငန်းများကို အကောင်အထည်ဖေါ်ကြိုးပမ်းကြပြီး ယနေ့အချိန်အထိ နိုင်ငံပေါင်း (၆၄)နိုင်ငံမှ UN-REDD Programme ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် တက်ကြွစွာဆောင်ရွက်လျက် ရှိပါကြောင်း သိရသည်။
ယနေ့ ကမ္ဘာပေါ်တွင် ဝါးမျိုးစုပေါင်း၇၅မျိုး၊ဝါးမျိုးစိတ်ပေါင်း ၁၂၅၀ခန့်ပေါက်ရောက် ပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစု၂၁မျိုးနှင့် ဝါးမျိုးစိတ်၁၀၂မျိုးခန့်ရှိသည်။ မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ် ၁၀၂ မျိုးရှိသည့်အနက်စီးပွားရေးအရအသုံးဝင်ဝါးမျိုးဖြစ်သည့် တင်း၊မျှင်၊ကျသောင်း၊ ဝါးဘိုး၊ ဝါးနီအစရှိသည့် ဝါးမျိုးစိတ်၁၈မျိုးခန့်ရှိကြောင်းလေ့လာတွေ့ရှိမည်ဖြစ်သည်။
ဝါးတောပေါက်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ ပြီးလျှင် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဝါးတောဧရိယာ တတိယပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တိုးတက်နေသည့် နည်းပညာများကိုအသုံးပြုပြီး ဝါးမှအိမ်ဆောက်ပစ္စည်းများ၊ ဝါးပါကေး၊ စက္ကူပျော့ဖတ်၊ မီးသွေး၊ လက်မှုပစ္စည်းအမျိုးမျိုးထုတ်လုပ်သည့်အပြင်ဗင်နီကာ (Vinegar)၊ အလှကုန်ပစ္စည်း အမျိုးမျိုး၊ ရေမွှေး၊ အနံ့အသက်ပျောက်ဆေး၊အဝတ်အထည်၊စက်ဘီး၊ အဖျော်ယမကာနှင့်မျှစ်ခြေခံအဆင့်မြင့် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်ခြင်းဖြင့် များပြားလှသည့် ဝင်ငွေများ နှစ်စဉ်ရရှိနေ မည်ဖြစ် ကြောင်းသိရသည်။
ထို့ကြောင့် ယခုဖွင့်လှစ်သော ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြုဝါးအခြေခံ လက်မှုပညာသင်တန်းသင်တန်းမှတဆင့် ဝါးအခြေခံလက်မှုပညာရပ်များကို တတ်မြောက် ကျွမ်းကျင်အောင်လေ့လာသင်ယူခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ နေ့စဉ် အသက်မွေး ဝမ်းကျောင်းစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ သစ်တောဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် အရာရှိကြီးများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများ၊ သုတေသီများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
MDN


