ရန်ကုန် ၂ ဒီဇင်ဘာ

အောက်တိုဘာလလယ်ပိုင်းက ပြည်တွင်းဈေးကွက်ထဲကို စတင်ဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်အထိ ရောင်းအားအကောင်းဆုံးဖုန်း ဖြစ်နေသည့် Redmi 8 စမတ်ဖုန်း၏ Global ROM ဗားရှင်းများ နိုဝင်ဘာလကုန်ပိုင်းတွင် ပြည်တွင်းဈေးကွက်သို့ စတင်ဝင်ရောက်လာကာ စိတ်ဝင်စားမှု မြင့်တက် လျက်ရှိကြောင်း ဖုန်းဆိုင်အချို့မှ သိရသည်။

အင်တာနယ်မင်မိုရီနှင့် RAM အနေဖြင့် ယခင်က ထွက်ခဲ့သည့် China ROM အလုံးများတွင် 4/64 GB တစ်မျိုးတည်းသာ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်သော်လည်း ယခု အသစ်ဝင်လာသော Global ROM အလုံးများ တွင်မူ 3/32GB နှင့် 4/64 GB ဟု နှစ်မျိုး ဝင်ရောက်ထားသည်။ Global ဗားရှင်းဖြစ်၍ အားသာချက်အနေဖြင့် Redmi ၏တရားဝင် ၁ နှစ် အာမခံပါဝင်ပြီး အားနည်းချက်မှာ ဈေးပိုများခြင်းဖြစ်သည်။

China ROM အလုံး 4/64 GBသည် ပြည်တွင်းဈေးကွက်သို့ စဝင်ချိန်က ကျပ် ၁၉၀၀၀၀ ကျော် ရှိခဲ့သော်လည်း ယခုအချိန်တွင် ဈေးနှုန်းသည် ကျပ် ၁၈၀၀၀၀ အောက်တွင်သာ ရှိနေပြီဖြစ်သည်။ ယခု အသစ်ဝင်လာသည့် Global ROM အလုံးများမှာမူ 3/32GB သည်ကျပ် နှစ်သိန်းခန့်ရှိပြီး 4/64GB သည် ကျပ် ၂၂၀၀၀၀ ခန့် ရှိနေသည်။ ဈေးနှုန်းကွာခြားချက် ကျပ် ၄၀၀၀၀ ကျော် ရှိနေသောကြောင့် အသုံးပြုသူများအနေဖြင့် Global အလုံးများကို စိတ်ဝင်စားမှုရှိသော်လည်း ရောင်းအားအနေဖြင့်မူ ယခင်ကထွက်ထားသော China အလုံးများကသာ ပို၍ ရောင်းအားကောင်းနေဆဲဖြစ်ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

သူရဖြိုး