ရန်ကုန် နိုဝင်ဘာ ၁၆

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဓနုတ်စံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ခြင်းနှင့် ရွှေကြာ ငွေကြာ သင်္ကန်းကပ်လှူ ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ထံမှ သိရသည်။

 

“စေတီတော်မြတ်ကြီးမှာ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းမှာ ရွှေကြာငွေကြာသင်္ကန်း ဆက်ကပ်ပူဇော်ဖို့နဲ့  ညပိုင်းမှာ ဆီမီး ၅၀၀၀ ပူဇော်ဖို့အတွက်  စီစဉ်ထားတယ်၊ စေတီတော်မြတ်ကြီးရဲ့ ငှက်ပျော်ဖူးကို ရွှေရောင် စတီးပြာ ကပ်လှူထားတာ အနေကဇာတင်ပူဇော်သွားမှာ ဖြစ်ပါတယ်၊  သီတင်းကျွတ်လပြည့်တုန်းက ပဌာန်းရွတ်ဖတ်ပူဇော်ပွဲနဲ့ ဆီမီးပူဇော်ပွဲပဲ ကျင်းပပြုလုပ်ခဲ့တယ်၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာ ပြည်သူများအနေနဲ့ လာရောက်ဖူးမြော်နိုင်အောင် စေတီတော်မြတ်ကြီးကို နေ့စဉ် နံနက် ၅ နာရီကနေ ည ၈ နာရီ အချိန်ထိ  ပြန်လည်ဖွင့်လှစ်ပေးထားပါတယ်” ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြသွေးက  ပြောသည်။ 

 

ဆံတော်ရှင် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော်ခန့်မှစ၍ ဟံသာဝတီမင်း အဆက်ဆက် တည်ထားပြုပြင်ကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီး တစ်ဆူဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

 

နိုင်လင်းကျော်(IPRD)