ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မတ် ၁၀ ရက် (တပေါင်းလဆန်း ၁ ရက်)မှ မတ် ၂၄ ရက် (တပေါင်းလပြည့်နေ့)အထိ ၁၅ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည် ။

 

မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းပင်လယ်ကမ်းခြေတွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော ထင်ရှားသည့် အဆိုပါ ဘုရားပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး အကြီးစား ရင်ပြင်တော်ချဲ့ထွင်ခြင်း လုပ်ငန်းမှာလည်း ပြီးစီးပြီဖြစ်သည့်အတွက် ဘုရားဖူးမိဘပြည်သူများအနေဖြင့် ရင်ပြင်တော်ပေါ်နှင့် ရင်ပြင်တော်အောက်ရှိ နားနေခန်းများတွင် စိတ်အေးချမ်းသာစွာ အနားယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်ကာလအတွင်း လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရန်အတွက် ရေလမ်းခရီးတွင် ကမ်းရိုးတန်းရေယာဥ်များကို လည်းကောင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအတွက် လေအိတ်မှန်လုံကားကြီးများ ပြေးဆွဲ၍လည်းကောင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအခါ  ဘုရားဖူးလာ ပြည်သူများအနေဖြင့် ပုသိမ်-ငွေဆောင် ကားလမ်းရှိ မိုင်တိုင်အမှတ် (၉၅/၆)လမ်းခွဲမှ ကတ္တရာလမ်းအတိုင်း  မော်တော်ယာဥ်များဖြင့် စေတီတော်ကြီး၏ ရင်ပြင်တော်အထိ လွယ်ကူစွာ တိုက်ရိုက်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း/ပြည်ပ ဘုရားဖူးခရီး သည်များ အဆင်ပြေစွာ တည်းခိုနိုင်ရေးအတွက် စေတီတော်၏ အနောက်ဘက်ကမ်းခြေတွင် ဟိုတယ်များ ဆောက်လုပ် ဖွင့်လှစ်ထားပြီး ယာဉ်ရပ်နားစခန်းများလည်း ထားရှိပေးထားပြီ ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဘုရားဖူးလာ ပြည်သူများအနေဖြင့် ဆံတော်ရှင် စေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုပြီး မြွေတောင် ရေချိုး ဆိပ်၏ ပင်လယ်ကမ်းခြေသဘာဝ အလှအပများကို ကြည့်ရှုစားကာ သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေကို ရှုရှိုက်ရင်း စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရေးတို့ကိုလည်း စီစဥ်ဆောင်ရွက်ထားကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည် ။

 

လှိုင်မျိုးအောင်(ပြန်/ဆက်)