မန္တလေး ၈ မတ်
ရှေးဟောင်းသမိုင်းဝင် ရွှေစာရံစေတီတော်၏ ဘုရားပွဲတော်ကို ယနေ့ (တပေါင်းလပြည့်နေ့) မှ လပြည့်ကျော် ၁၀ ရက်အထိ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာအုပ်စု ရွှေစာရံကျေးရွာရှိ အဆိုပါစေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ရွှေစာရံစေတီတော်ကို ပုဂံအနော်ရထာမင်း၏မိဖုရား ရှမ်းမင်းသမီး စောမွန်လှက တည်ထားကိုးကွယ်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ နှစ်စဉ်ရှမ်းအိုးစည်ဝိုင်းဖြင့် ဂါရဝပြုပူဇော်ကြည်ညိုကြသော အစဉ်အလာရှိ၍ လာရောက်လေ့လာကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် ရှမ်းပြည်နယ်၏ ဒေသထွက်ကုန်ပစ္စည်းများကို ရောင်းချသည့် ပွဲတော်ဈေးတန်း၌ ဒေသထွက်ကုန်များကို ဝယ်ယူကြသူများ၊ ဒုဌဝတီမြစ်အတွင်းမှ ငှက်လှေဖြင့် ရွှေစာရံဒေသ ရှုခင်းအလှများ ကြည့်ရှုခံစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
ဘုရားပွဲတော်အပြီးတွင် ဘုရားဂေါပကအဖွဲ့နှင့် စေတနာရှင်အလှူရှင်ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တင်မောင် (မန်းကိုယ်ပွား)