ပင်းတယ   ၁၄   ဖေဖော်ဝါရီ   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရှေးဟောင်း သမိုင်းဝင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးအား လာမည့် မတ်လ ၄ ရက်နေ့မှ မတ်လ ၉ ရက်(တပေါင်းလဆန်း  ၁၁ ရက်မှ တပေါင်းလပြည့်ကျော် ၁ ရက် )နေ့အထိ (၆)ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တပေါင်းပွဲတော်ကာလအတွင်း တပေါင်းလဆန်း ၁၁ ရက် နေ့နံနက် ၇ နာရီအချိန်တွင် ရွှေဉမင် ဘုရားတောင်ခြေရှိ စူဠာမုနိဓမ္မာရုံကြီး၌ မြို့နယ်သံဃာ့နာယကအဖွဲ့ဆရာတော် များမှအန္တရာယ်ကင်းပရိတ် တရားတော်များကိုရွတ်ဖတ်ခြင်းနှင့် ပွဲတော်အဝင်မုဒ်ဉီးအား ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်း ပွဲတော်ရက်အတွင်း အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဓနုတိုင်းရင်းသားများ ဆုံဆည်းရာ နေ့အခမ်းအနား၊ မြို့နယ်အတွင်းရှိ သံဃာများနှင့် ပွဲတော်လာရဟန်း၊ သံဃာတော်များအား ဆွမ်းတော်ကြီး၊ ဆွမ်းဆန်စိမ်း၊ အာရုံဆွမ်းလောင်းလှူပွဲများ၊ ဓနုတိုင်းရင်းသားရိုးရာအကပြိုင်ပွဲများနှင့် အခြားတိုင်းရင်းသားများတို့၏ ယဉ်ကျေးမှု အကဖျော်ဖြေပွဲများ၊ ဓနုတိုင်းရင်းသားအဆိုတော်များနှင့် ဒေသနေအဆိုဝါသနာရှင်များတို့၏ စတိတ်ရှိုးဖျော်ဖြေပွဲများ ရုံဖွင့်ဇာတ်ဖျော်ဖြေပွဲများတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၁၉၀ဝ ကျော်တို့ဖြင့် လာရောက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

1

 

ရွှေဉမင်သဘာဝလိုဏ်ဂူတော်ဘုရားဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးအား ရှေးဘိုးဘေး ဘီဘင်လက်ထက်ကပင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပြီး ဒေသနေဓနု၊ တောင်ရိုး ပလောင်၊ ပအိုဝ်း ရှမ်းအစရှိသည့်တိုင်းရင်းသားများတို့၏ တစ်နှစ်တာစိုက်ပျိုးရေး လုပ်ငန်းများပြီးဆုံးပြီဖြစ်၍ ဘုရားပွဲသို့လာရောက်ကာ ရွှေဉမင်ဘုရားရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွါးတော် မြတ်များအား ဆွမ်း၊ ပန်း၊ ရေနှင့် ဆီမီးများကပ်လှူပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ဘုရားဝေယျာဝစ္စအလှူငွေများထည့်ဝင်လှူဒါန်းခြင်း အစရှိသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီးလျင် လာမည့်စိုက်ပျိုးရာသီတွင် ရာသီဉတုမှန်၍ မိမိတို့ခြံထွက် သီးနှံများအောင်မြင်ဖြစ်ထွန်းစေရန်အတွက်ဆုတောင်းကြသည့် ရိုးရာဓလေ့ပူဇော်ပွဲဖြစ်ကြောင်း လည်းသိရသည်။ 


ခင်မျိုးနွယ်(ပင်းတယ)