နေပြည်တော် ဒီဇင်ဘာ ၂၉
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း၊ တိမ်မြုပ်နေသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ဖော်ထုတ်နိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စာတမ်းဖတ်ပွဲများကို ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း။
ယနေ့စာတမ်းဖတ်ပွဲ၏ သုတေသနစာတမ်းများဖြစ်သော လက်တွေ့နယ်ပယ် အသီးသီးမှ ပါဝင်ဆောင်ရွက်နေကြသူများ၏ သုတေသန ရလဒ်များကိုအခြေခံပြီး သမိုင်းမတင်မီခေတ်မှ ယနေ့ မျက်မှောက်ခေတ် ကာလအထိ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ပေါ်ပေါက်ထွန်းကားခဲ့သည့် ယဉ်ကျေးမှုသွင်ပြင်များ၊ အထောက်အထားများ အကြောင်းကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း။
ယခုကဲ့သို့ စာတမ်းဖတ်ပွဲ ကျင်းပခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ပါဝင်သော “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်လာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး" ဆိုသည့်အချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံ၏ မြေပေါ်မြေအောက်ရှိ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများကို သုတေသနပြု၊ ဖော်ထုတ်ထိန်းသိမ်းရေးတွင်လည်း ပြည်သူများပူးပေါင်း ပါဝင်ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် လည်းကောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ၏ တန်ဖိုးများကို သိရှိနားလည်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရေးမှာလည်း ဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြရန် အတွက်လည်းကောင်း၊ ထိုမှတစ်ဆင့်တက်ပြီး ပြည်သူများနှင့် အနာဂတ်မျိုးဆက်သစ်များ အနေဖြင့်လည်း ယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းရေးနှင့်အတူ ကာကွယ်စောင့်ရှောက်လိုစိတ်များ မွေးဖွားလာစေရန်ဖြစ်ကြောင်း၊ မျိုးဆက်သစ် အရာထမ်း၊ အမှုထမ်းများ အနေဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ယခုစာတမ်းဖတ်ပွဲက အတွေ့အကြုံ၊ ဝေမျှမှုများကိုအခြေခံပြီး မိမိတို့အားသန်ရာ ဘာသာရပ်များအလိုက် ကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် သုတေသနအလေ့အကျင့်ကောင်းများ ဆက်လက်မွေးမြူပြီး လေ့ကျင့်ရေးသားဖော် ထုတ်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က စာတမ်းဖတ်ပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး နံနက်ပိုင်းတွင် စာတမ်းရှင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပင်လယ် (မိုင်းမော) မြို့ဟောင်း တူးဖော်သုတေသနစာတမ်း၊ မြောက်ဦးဌာနခွဲမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က ပျူနှင့်ရခိုင်ရှေးမြို့ဟောင်း မြို့တော်များ၏ တိုးတက်မှုဖြစ်စဉ်ကို နှိုင်းယှဉ်လေ့လာခြင်း စာတမ်းတို့ကို ဖတ်ကြားတင်သွင်းခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် စာတမ်းရှင် ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေက ပုဂံနဂါးရုံဘုရားအတွင်းရှိ ထူးခြားရှားပါသည့် သုတ္တံနံရံ ဆေးရေးပန်းချီလက်ရာများအား လေ့လာချက် စာတမ်း၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) မှ လက်ထောက်ကထိက ဦးမာန်သစ်ငြိမ်း က မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရသည့် သက်နှောင်းကပ်သက်တမ်းရှိ ဧရာဝတီ ကျောက်လွှာစုမှ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ စာတမ်း၊ ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း (ပြည်) မှ လက်ထောက်ကထိက ဒေါ်သွဲ့သွဲ့အေးက ပုဂံဒေသရှိ ရှေးဟောင်းရေကန်များနှင့် ၎င်းရေကန်များနှင့် ဆက်စပ်နေသည့် ရိုးရာဓလေ့စာတမ်း စုစုပေါင်း စာတမ်း (၅) စောင်ကို ဖတ်ကြားတင်သွင်းခဲ့ခြင်းအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ (ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ ညွှန်ကြားရေးမှူးများဖြစ်သည့် ဒေါက်တာအေးအေးသင်း၊ ဦးအောင်အောင်ကျော်၊ ဒေါ်ဘေဘီ၊ ဦးအာကာကျော်မှလည်းကောင်း၊ ဒုတိယကျောင်းအုပ်ကြီး ဦးဟံရှိန်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်သီတာ၊ လက်ထောက်ကထိက ဦးမာန်သစ်ငြိမ်း၊ ဗိဿနိုးဌာနစု ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် သုတေသနလက်ထောက်-၁ ဦးတင်လတ်ယုတို့မှလည်းကောင်း၊ ပြင်ပဝန်ကြီး ဌာနများဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၁) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးညီညီအောင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းသူတို့ကလည်းကောင်း ဆွေးနွေး မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးထွန်းအုံက စာတမ်းဖတ်ကြားမှုအပေါ် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


