ရေဇွာ     ၂၅     ဧပြီ         

 

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ မွန်းလွဲ ၃ နာရီက မင်းတပ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ရေဇွာတိုက်နယ်ဆေးရုံအတွက် ဓာတ်ခွဲခန်း နှစ်ထပ်ဆောင် စတင်တည်ဆောက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် တည်ဆောက်နိုင်ရန် မှာကြားသည်။

 

ထို့နောက် ရေဇွာမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် အလျား ၂၈၀၀ ပေ၊ အမြင့် ၁ ဒသမ ၅ ပေ နှင့် အကျယ် ၁ ဒသမ ၅ ပေရှိ ကျောက်စီရေမြောင်း ဆောင်ရွက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

 

ဆက်လက်၍ ရီဗားမြစ်သာကုမ္ပဏီက တည်ဆောက်နေသော ရေဇွာမြို့၊ အခြေခံပညာ  အထက်တန်းကျောင်းဆောင် RCC နှစ်ထပ်ဆောင်နှင့် ဇိုလင်းဘုန်းကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိသော ပညာရေးဝန်ထမ်းအိမ်ရာ နှစ်ထပ်ဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဟုန်းအွမ်(ပြန်/ဆက်)