ရန်ကုန် ၈  မေ

ရွှေဈေးကွက် ဖွင့်လှစ်နိုင်ရေး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ညွှန်ကြားချက်များပေါ်တွင် မူတည်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင် က ပြောသည်။

 

လက်ရှိ  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ညွှန်ကြားချက်များကို ယခင်ဧပြီ ၃၀ ရက်မှ မေ  ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်ထားသည်။

 

"အခု မေ ၁၅ ရက်ထိအောင် အစိုးရက ကြေညာထားတယ်၊ အဲဒီနောက်ပိုင်း အစိုးရက ဆက်ပြီး မတိုးဘူးဆိုရင်တော့ ရွှေစျေးကွက်ကိုလည်း မေ ၁၅ ရက်နောက်ပိုင်း ပြန်ဖွင့်မယ်"ဟု  ဦးအုန်းမြိုင် က ပြောသည်။

 

ကိုဗစ်-၁၉ကြောင့် လက်ရှိ ရန်ကုန်၊ မန္တလေး ရွှေဈေးကွက်ကိုလည်း ပိတ်ထားပြီး ရွှေဆိုင်အချို့က အကြပ်အတည်းဖြစ်နေသည့် ရွှေရောင်းမည့်သူများ၏ အခက်အခဲကို ကူညီရန် အဝယ်လက်ခံနေသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

‘‘တရားဝင်တော့ မဖွင့်သေးဘူး၊ သို့သော်လည်းပဲ လိုသူရောင်း လိုသူဝယ်ပေါ့၊ အဲလိုမျိုးတွေတော့ ဖုန်းဆက်ပြီးတော့ ငွေပိုတဲ့လူနဲ့ ငွေလိုတဲ့လူနဲ့ နည်းနည်းရောင်းတာ ဝယ်တာလေးတော့ ဖြစ်တယ်၊ ဒါပေမယ့် တရားဝင်တော့ မဖွင့်သေးဘူး"ဟု ဦးအုန်းမြိုင် က ဆက်ပြောသည်။

 

လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၁၈၀၀၀၀ ရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော်အထိ စံချိန်တင် မြှင့်တက်လျှက်ရှိသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင်မူ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ချိန်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော်အထိသာ ရှိခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အ​ဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ​မြှင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ  ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။

 

ပြီးခဲ့သည့် ​သုံးလက ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင်  ဖေဖော်ဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၄၁၀၀ (ဖေဖော်ဝါရီ ၅ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၃၄၂၀၀ (ဖေဖော်ဝါရီ  ၂၈ ရက်)၊ မတ်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၄၈၀၀၀ (မတ် ၃၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၁၈၆၀၀ (မတ် ၄ ရက်)၊ ဧပြီတွင်မူ ကိုဗစ်-၁၉ ကြောင့် ပြည်တွင်းရွှေဈေးကွက် ပိတ်ထားကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

Nyein Nyein

Photo-YGEA