ရန်ကုန် မေ ၁၁
ရွှေဈေးကွက်တွင် မတော်ဝိသမလောဘများကို အရေးယူဆောင်ရွက်ရန် ဌာနဆိုင်ရာများမှ စစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ဥက္ကဌဦးမျိုးမြင့်ကပြောကြားသည်။
"ဌာနဆိုင်ရာဘက်ကလည်းတောက်လျောက်လုပ်နေတယ်။ သူတို့တိုင်စာ၊တန်းစာတွေအကုန်လုံးအရေးယူဆောင်ရွက်နေတယ်။ ၇ဆိုင်လောက်ကတော့ အရေးယူခဲ့တာကို တရားဝင်ကြေညာပြီးပြီ။ ကျန်တာတော့ ဆက်လက်အရေးယူဖို့ စစ်ဆေးတုန်းပဲရှိသေးတယ်" ဟု ဦးမျိုးမြင့်က ဆိုသည်။
မြန်မာနိုင်ငံဗဟိုဇဘဏ်၏ဦးဆောင်မှုဖြင့်ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ပူးပေါင်းအထူးစစ်ဆေးရေးအဖွဲ့များကိုဖွဲ့စည်းပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရှိ မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်၊ ခရမ်းသုံးခွရွှေဆိုင်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာရွှေရွှေဆိုင်လုပ်ငန်းတို့သည် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိခြင်းအပါအဝင် ရွှေရောင်းဝယ်သူများလိုက်နာရမည့်အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများဆိုင်ရာညွှန်ကြားချက်က လိုက်နာရန်ပျက်ကွက်ကြောင်း တွေ့ရှိရကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဧပြီ၂ရက်မှစ၍ အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်း သတိပေးမှတ်တမ်းတင်လက်မှတ်ရေးထိုးစေခြင်း၊ လုပ်ငန်းယာယီရပ်ဆိုင်းခြင်းအပါအဝင် လိုအပ်သည့်အရေးယူမှုများကို သက်ဆိုင်ရာဥပဒေပြဌာန်းချက်များအညီ ဆောင်ရွက်ခဲ့ကြောင်းလည်းသိရသည်။
လက်ရှိရွှေဈေးကွက်တွင် အရောင်းအဝယ်အေးနေပြီး ဈေးကွက်တွင်အဝယ်ထက်အရောင်းပိုင်းသာ ပိုရှိနေကြောင်းလည်း ဦးမျိုးမြင့်က ပြောကြားသည်။
"ပြည်တွင်းမှာလည်းရွှေတွင်းတွေက အထွက်အားပြန်ကောင်းလာတယ်။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကောင်းလာရင် ရွှေဈေးကပြန်ပြုတ်ကျသွားမှာပဲ။ ရွှေကတိုင်းပြည်မှာထွက်နေတာ ကျွန်တော်တို့ဆီက ရွှေအထွက်ဆုံးပဲ" ဟု ယင်းက ဆိုသည်။
ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရွှေပညာဒါန၊ အခမဲ့ရွှေပညာသင်တန်းများကိုဖွင့်လှစ်ပေးရာတွင် စိတ်ဝင်စားမှုများပြီး လျောက်ထားသူဦးရေ ၃၀၀ မှ ၄၀၀ ခန့်အထိ ရှိသော်လည်း ၁၀၀ ဦးရေခန့်သာ ရွေးနိုင်ကြောင်း သိရသည်။
MT


