၂၃ မေ
တစ်ချိန်၌ရေ၏တန်ဖိုးသည် ရွှေထက်ပင်တန်ဖိုးကြီးမားလိမ့်မည်ဟူသော စကားရှိပါသည်။ ဤသည်မှာအဓိပ္ပာယ်ကင်းမဲ့သော စကားမဟုတ်ပါ။ မိုးခေါင်ရေရှားမှုတို့ကို ကမ္ဘာအနှံ့မြင်တွေ့နေရပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် မြေအောက်ရေအပါအဝင် သဘာဝရေသန့်ရရှိရေးသည် ပို၍ပို၍ခက်ခဲလာသည်ကို တွေ့ရှိနေရပါသည်။ ကျေးလက် လူထုကမြို့ ကြီးများသို့ ရွှေ့ပြောင်းအခြေချခြင်းနှင့်အတူ မြို့ ပြလူမှုဘဝ၌ သောက်ရေသုံးရေ လုံလုံလောက်လောက်ရရှိရေးသည် မျက်မှောက်ကမ္ဘာကြီး၏အရေးကြီးသော စိန်ခေါ်ချက်တစ်ရပ်ဖြစ်လာပါသည်။
သို့ဖြစ်ပါ၍ ရနိုင်သမျှသော ရေအရင်းအမြစ်တို့ကို စုစည်းအသုံးချနိုင်ရေးသည် မျက်မှောကကမ္ဘာကြီး၏ အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်လာပါသည်။ လက်တွေ့အသုံးပြုနိုင်သော ရေအရင်းအမြစ်ရရှိရေးနည်း လမ်းတို့အနက် သဘာဝအလျောက်ရွာသွန်းသော မိုးရေတို့ကို စုစည်းအသုံးချခြင်းသည်လည်း နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါသည်။ မိုးရေစုစည်းအသုံးချခြင်းကို မြန်မာ့လူ့အဖွဲ့အစည်း၌ အစဉ်အဆက်မြင်တွေ့ခဲ့ရသော်လည်း ယခုထက်ပို၍ထိထိရောက်ရောက် အသုံးချနိုင်မည့်နည်းလမ်းတို့ကို ကြံဆလုပ်ဆောင်သင့်သည်ဟု ယူဆပါသည်။
အိမ်ခေါင်မိုးမှလျှံကျသော မိုးရေတို့ကိုရေတံလျှောက်မှတစ်ဆင့် စုစည်းရယူသော သမားရိုးကျနည်းလမ်းတို့မှသည် ခေတ်မီနည်းစနစ်သုံးနည်းလမ်းတို့အထိ မိုးရေကိုစုဆောင်းသိုလှောင်သော နည်းလမ်းများစွာရှိပါသည်။ အဆိုပါနည်းလမ်းတို့အနက် အခြေခံသဘောတစ်ရပ်မှာ မိုးရေတို့ကို မြေမျက်နှာပြင်အောက်၌ စုဆောင်းသိုလှောင်ခြင်း ဖြစ်ပါသည်။ မြေအောက်ရေသည် သစ်ပင်တို့ကြီးထွားရာကြီးထွားကြောင်းအတွက် အင်အားတစ်ရပ်ဖြစ်ပါသည်။ မိုးရေတို့ကိုစုစည်း သိုလှောင်နိုင်ပါက ကိုယ်ပိုင်ရေအရင်းအမြစ်အား လက်ဝယ်ထားရှိနိုင်ခြင်းဖြစ်၍ မြို့ ပြရေပေးဝေရေးစနစ်အပေါ် အကြွင်းမဲ့ မှီခိုရခြင်းမှ လွတ်ကင်းစေပါသည်။ မိုးရေတို့ကိုစုစည်းသိုလှောင်နိုင်ခြင်းကြောင့် ရေမီတာခသက်သာခြင်းသည် အလွယ်တကူမြင်သာသော အကျိုးရလဒ် ဖြစ်ပါသည်။ စိတ်ဝင်စားစရာကောင်းသောအချက်မှာ သဘာဝအလျောက်ရရှိသောမိုးရေသည် ဓာတုပစ္စည်းကင်းစင်သည်ဖြစ်၍ သစ်သီးဝလံပန်းမန်တို့ကိုပိုမိုရှင်သန်ကြီးထွားစေနိုင်သော အစွမ်းသတ္တိရှိခြင်း ဖြစ်ပါသည်။ မိုးရေတို့အား စုစည်းရယူသော စနစ်ကို ဖန်တီးထားပါက နေအိမ်ဝန်းကျင်၌ ရေကြီးခြင်းကိုကာကွယ်နိုင်သည်ဖြစ်၍ အိုးအိမ်အဆောက်အအုံတို့အား ထိခိုက်ပျက်စီးခြင်းကိုလည်း ဟန့်တားနိုင်မည် ဖြစ်ပါသည်။ မြို့ ပြစွမ်းအင်အသုံး၏ တစ်ဝက်ခန့်သည် မော်တာသုံးရေတင်ခြင်းနှင့် ရေသန့်စင်မှုဆိုင်ရာလုပ်ငန်းတို့ကြောင့် ဖြစ်သည်ကိုသိရှိမည်ဆိုပါက အံ့အားသင့်သွားမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ကုန်းတွင်းပိုင်းပြည်နယ်ဖြစ်သော ဂန်ဆူး (Gansu)နှင့် မိုးခေါင်ခြောက်သွေ့သော ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း၌ အိမ်ခေါင်မိုးမှတစ်ဆင့် မိုးရေစုဆောင်းရယူခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြပါသည်။ ထိုင်းနိုင်ငံရှိ ကျေးလက်ပြည်သူတို့၏ ၄၀ ရာခိုင်နှုန်းသည် စုဆောင်းရရှိသောမိုးရေအပေါ် အားပြုရှင်သန်ရပ်တည်ကြရပါသည်။ အိန္ဒိယနိုင်ငံ၌ တမီးလ်နာဒူး (Tamil Nadu) ပြည်နယ်သည် နေအိမ်အဆောက်အအုံတိုင်း မိုးရေစုဆောင်းသိုလှောင်ခြင်းကို မလုပ်မနေရ သတ်မှတ်ပြဋ္ဌာန်းခဲ့သော ပထမဦးဆုံးပြည်နယ် ဖြစ်ပါသည်။ မိုးရေစုဆောင်းသိုလှောင်ခြင်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ငါးနှစ်တာကာလအတွင်း တမီးလ်နာဒူးပြည်နယ်၏ မြို့တော် ချန်နိုင်းရှိမြစ်ချောင်း အင်းအိုင်တို့၏ ရေထိန်းသိမ်းနိုင်မှုသည် ၅၀ ရာခိုင်နှုန်းခန့်မြင့်မားလာပြီး ရေ၏အရည်အသွေးသည်လည်း တိုးတက်ကောင်းမွန်လာပါသည်။ ရိုးရှင်း၍ သဘာဝကျသော နည်းလမ်းတို့သည် လူ့အဖွဲ့အစည်း၏ လူမှုဘဝကို မြင့်မားတိုးတက်ပါစေကြောင်း လေးစားစွာတင်ပြအပ်ပါသည်။
မြန်မာ့အလင်း