နေပြည်တော် နိုဝင်ဘာ ၂

   

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် ဒေါပုံမြို့နယ်နှင့် လှိုင်မြို့နယ်များတွင် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ရေးနှင့် ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော တရားခံများ သင်္ဃန်းကျွန်း မြို့နယ်၊ နနွင်းကုန်း ရပ်ကွက်၊ ဣစ္ဆာသယလမ်း၊ သုမင်္ဂလာအိမ်ရာ၊ ၃ လွှာ၊ အခန်း (၃၀၁)၊ တိုက်အမှတ်(၁)၌ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နိုင်ရဲထွန်း(၂၉)နှစ်၊ လင်းထက်ဆန်း (၃၁)နှစ်၊ နန္ဒအောင်လင်း(၂၃)နှစ်၊ ဇင်မင်းထက်(၁၈)နှစ်၊ မင်းဟိန်းခန့်(၁၉)နှစ်၊ ဆုမြတ်ထွေး (၂၃)နှစ်၊ ဇင်ကိုဟိန်း (၂၇)နှစ်၊ ရဲလင်းအောင်(၃၇)နှစ်၊ ဖန်မှူးအိမ် (၁၇)နှစ်တို့  ၉ ဦးအား ဖမ်းဆီးရမိခဲ့သည်။

   

mdn

 

တရားခံ ဖန်မှူးအိမ်၏ ထွက်ဆိုချက်အရ မွန်းတည့် ၁၂ နာရီတွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းတောင်ရပ်ကွက်၊ မိုးမခလမ်း၊ ပထမထပ်၊ တိုက်အမှတ် (၉) အား ဝင်ရောက်ရှာဖွေခဲ့ရာ FCG 9 သေနတ် တစ်လက်၊ ၎င်းကျည်အိမ်   နှစ်ခု၊ ၉ မမ ကျည် ၁၂ တောင့်၊ ပွိုင့် -၄၅ COLT'S အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် အိမ်တစ်ခု၊ ၎င်းကျည် ငါးတောင့်၊ လက်လုပ်ဗုံး နှစ်လုံး တို့အား သိမ်းဆည်း ရမိခဲ့သည်။

   

တရားခံ ဖန်မှူးအိမ်၏ ထွက်ဆိုချက်အရ မွန်းလွဲ ၂ နာရီတွင် လုံခြုံရေး ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ ၈ လမ်း၊ ၅ လွှာ၊ တိုက်အမှတ် (၆) ၌ ဆက်စပ်တရားခံ မောင်မျိုး (၁၉)နှစ်နှင့် ချစ်ပုံ(၁၈)နှစ်တို့ ၂ ဦးအား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

 

တရားခံ ဖန်မှူးအိမ်၏ ထွက်ဆိုချက်အရ ည ၁၁ နာရီတွင် လုံခြုံရေး ပူးပေါင်းအဖွဲ့သည် ကျောက်တံတားမြို့နယ်၊ ၉ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ် (၃၆၁) ရှိ ပြည်ကျော်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်အား ဝင်ရောက်ရှာဖွေရာ ဆက်စပ်တရားခံ မျိုးသက်ထွေး (၄၀) နှစ်အား FCG 9 သေနတ် ၄ လက်၊ ၎င်းကျည်အိမ် ၄ ခုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

   

တရားခံ ဖန်မှူးအိမ်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂ ရက် ညနေ ၃ နာရီ တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့သည် ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဘုရားအနီးတွင် ဆက်စပ်တရားခံ အောင်နိုင်ဦး (၂၃) နှစ်အား FCG 9 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈ ကျည် ၂၀ တောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

   

ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား ၁၁ ဦး၊ မ နှစ်ဦး၊ ပေါင်း ၁၃ ဦးအား FCG 9 သေနတ် ခြောက်လက်၊ ပွိုင့်-၄၅ COLT’s ပစ္စတို သေနတ် တစ်လက်၊ ၉ မမ ကျည် ၁၂ တောင့်၊ ပွိုင့် ၄၅ ကျည် ၅ တောင့်၊ ပွိုင့် ၃၈ ကျည် ၂၀ တောင့်၊ FCG 9 ကျည်အိမ် ရှစ် ခု၊ ပစ္စတို ကျည်အိမ် တစ်ခု၊  လက်လုပ်ဗုံး နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

   

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ရဲလင်းအောင်နှင့် နိုင်ရဲထွန်း တို့ နှစ်ဦးသည် KNLA တပ်မဟာ(၇)၊ နယ်မြေတွင် လည်းကောင်း၊ ဇင်မင်းထက်နှင့် ဆုမြတ်ထွေး တို့ နှစ်ဦးသည် KNLA တပ်မဟာ(၆)နယ်မြေတွင် လည်းကောင်း၊ နန္ဒအောင်သည် KNLA တပ်မဟာ(၃)နယ်မြေတွင် လည်းကောင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

   

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဇေယျာသော် (ဖမ်းဆီးရန်ကျန်) မှ ရန်ကုန်မြို့အတွင်း အဖျက်လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ပြည်သူလူထု ထိတ်လန့်ခြောက်ခြားစေရန် ရည်ရွယ်၍ မြို့နယ်အလိုက် အကြမ်းဖက် PDF အဖွဲ့များ ဖွဲ့စည်းစေမှုအရ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ညိုဝင်းမောင် (ဖမ်းဆီးရန်ကျန်)  (KNUနယ်မြေတွင်နေထိုင်သူ) မှ ဦးဆောင်၍ Pazundaung Botahtaung Youth Strike Committe (PBYSC) အား ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် သီဟကောင်းဆက်၊ ရဲမင်းဦး(ခ)ရဲကြီး၊ မင်းသစ္စာအောင်(ခ)ဗလ၊ ဝေယံထက်(ခ)ယံယံ၊ ဝေဇော်ဖြိုး(သေဆုံး)၊ ပိုးကျော့ကျော့ခန့်၊ မင်းဟိန်းခန့်၊ ချစ်ပုံ၊ ဝေဖြိုးအောင်၊ ဝေဝေမြင့်(ခ) မပန်းသီး(သေဆုံး)၊ စည်သူ၊ ကောင်းမင်းသန့်၊ မွန်ကြီး၊ ကောင်းဆက်တို့ဖြင့် ပါဝင်ခဲ့ပြီး ၎င်းအဖွဲ့မှ ရှစ် ဦး ဖမ်းဆီးခံရသဖြင့် ကျန်ရှိသူများဖြင့် အောက်တိုဘာလ ၉ ရက်တွင် 44 st – UG အဖွဲ့အား ထပ်မံဖွဲ့စည်းကာ အကြမ်းဖက် အဖျက်လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

   

ဖမ်းဆီးရမိတရားခံ နိုင်ရဲထွန်းနှင့် ရဲလင်းအောင်တို့မှာ BRF-Burmese Revolution Force အဖွဲ့ဝင်အဖြစ် ပါဝင်၍လည်းကောင်း၊ လင်းထက်ဆန်း၊ ဇင်မင်းထက်နှင့် ဇင်ကိုဟိန်းတို့မှာ YADF- Yangon Anti-Dictatorship Force အဖွဲ့ဝင်အဖြစ်ပါဝင်၍ လည်းကောင်း အဖျက်လုပ်ငန်းများအား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

   

ဖမ်းဆီးရမိတရားခံ စုမြတ်ထွေးနှင့် ဇင်ကိုဟိန်းတို့မှာ အွန်လိုင်းမှ ချိတ်ဆက်၍ အဖျက်လုပ်ငန်းများအတွက် ငွေကြေးအလှူခံမှုများ ပြုလုပ်ကာ အဖျက်လုပ်ငန်း ဆောင်ရွက်နေသော ၎င်းတို့၏ အဖွဲ့များအား ထောက်ပံ့ပေးမှုများ ပြလုပ်ခဲ့ကြောင်း သိရသည်။

   

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့အား အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ရေးနှင့် ဖောက်ခွဲရေးလုပ်ငန်းများ ပြုလုပ်ရန်အတွက် လိုအပ်သော လက်နက်/ခဲယမ်းအား ကိုစိမ့် (ဖမ်းဆီးရန်ကျန်) (General Strike Committee-GSC အဖွဲ့) မှ ကောင်းဆက် (ဖမ်းဆီးရန်ကျန်) အား FCG-9 သေနတ် ငါး လက်၊ ပွိုင့်-၄၅ Colt’s ပစ္စတိုသေနတ်  တစ်လက်နှင့် ၎င်းကျည် ငါးတောင့်၊ ၉ မမကျည် ၁၂ တောင့်နှင့် လက်လုပ်မိုင်း နှစ်လုံး ပေးအပ်ခဲ့ရာ ၎င်းမှ မျိုးသက်ထွေးအား ထပ်ဆင့် ပေးအပ် ခဲ့ကြောင်း သိရသည်။

   

ဖမ်းဆီးရမိတရားခံများ အနေဖြင့် ဇူလိုင်လပထမပတ်တွင် အထက (၅) ဗိုလ်တစ်ထောင် အနီး Keypad ဖုန်းဖြင့် တွဲဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံး ဖောက်ခွဲမှုတွင် မင်းဟိန်းခန့်သည် Scout ကြည့်ရှုပေးခဲ့ပြီး ကောင်းဆက်မှ ဖောက်ခွဲခဲ့ကြောင်း သိရသည်။

 

အလားတူ ဇူလိုင်လစတုတ္ထပတ်တွင် မဟာဗန္ဓုလမ်းပေါ်ရှိ အကောက်ခွန်အိမ် (Custom House) အား Keypad ဖုန်းဖြင့် တွဲဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ဖောက်ခွဲမှုတွင် ရဲမင်းဦး (ခ) ရဲကြီး၊ မင်းဟိန်းခန့်၊ ချစ်ပုံ၊ ပိုးကျော့ကျော့ခန့်တို့ လေးဦးသည် Scout ကြည့်ရှုပေးခဲ့ပြီး ညိုဝင်းမောင်မှ ကားမောင်းပို့ခဲ့ရာ မွန်ကြီး (ဖမ်းဆီးရန်ကျန်) နှင့် ကောင်းဆက်တို့ နှစ်ဦးသည် ဖောက်ခွဲရေး ပြုလုပ်ခဲ့သော်လည်း ပေါက်ကွဲမှုမရှိခဲ့ကြောင်း သိရသည်။

   

အလားတူ ဩဂုတ်လ ၈ ရက်တွင် ပုဇွန်တောင်ဈေးအနီးတွင် ရီမုဒ်လက်လုပ်မိုင်းဖြင့် ဖောက်ခွဲမှုတွင် ရဲမင်းဦး (ခ) ရဲကြီး၊ ပိုးကျော့ကျော့ခန့်၊ ချစ်ပုံ၊ မင်းသစ္စာအောင် (ခ) ဗလ၊ ဝေဖြိုးအောင် တို့ ငါးဦးသည် Scout ကြည့်ရှုပေးခဲ့ပြီး စည်သူနှင့် သီဟကောင်းဆက်တို့ နှစ် ဦးမှ မိုင်းဆင်ပေးခဲ့သော ရီမုဒ်လက်လုပ် မိုင်းအား မင်းဟိန်းခန့်၊ စည်သူ(ဖမ်းဆီးရန်ကျန်)၊ ကောင်းဆက်တို့ သုံး ဦးမှ ပုဇွန်တောင်ဈေး အနီး၌ ချထားခဲ့ပြီး ညိုဝင်းမောင်မှ ရီမုဒ်ဖြင့်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

   

အလားတူ စက်တင်ဘာလ ၁၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ Ocean Center အနီးတွင် လက်လုပ်ချိန်ကိုက်မိုင်း ဖောက်ခွဲရန် ထားရှိမှုနှင့် အောက်တိုဘာ ၂၂ ရက်တွင် ဒဂုံမြို့နယ်၊ ပြည်လမ်း(အနောက်) ရပ်ကွက်၊ ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ CCTV Control Box အား လက်လုပ်မိုင်း ဖောက်ခွဲမှု ဖြစ်စဉ်များအား BRF-Burmese Revolution Force အဖွဲ့ဝင်များဖြစ်သော နိုင်ရဲထွန်းနှင့် ရဲလင်းအောင်တို့မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

   

အလားတူ စက်တင်ဘာလ ၂၈ ရက်တွင် ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားရဲစခန်းအနီး လက်လုပ်ဗုံး  ဖောက်ခွဲမှုတွင် YADF- Yangon Anti-Dictatorship Force အဖွဲ့မှ ဇင်မင်းထက်၊ လင်းထက်ဆန်းနှင့် ဇင်ကိုဟိန်း တို့မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

   

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၃ ရက်တွင် ညိုဝင်းမောင် (ဖမ်းဆီးရန်ကျန်၊ KNU နယ်မြေတွင် နေထိုင်သူ) မှ ကောင်းဆက်အား ပွိုင့်-၄၅ Colt’s ပစ္စတိုသေနတ် တစ်လက်နှင့်  ၉ မမ ကျည် တစ်ဘူးအား ပေးအပ်ခဲ့ရာ ၂၅ ရက်တွင် ၎င်းမှ မင်းဟိန်းခန့်အား ထပ်ဆင့်ပေးအပ်ခဲ့ပြီး မင်းဟိန်းခန့်မှ ၎င်းပစ္စတို သေနတ်ဖြင့် အောက်တိုဘာလ ၂၆ ရက်တွင် ရေကျော်ဈေးအနီး၌ အပြစ်မဲ့အမျိုးသမီး ငယ်တစ်ဦးအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

   

ဖမ်းဆီးရမိအကြမ်းဖက်သမားများအနေဖြင့် ရေကျော်ဈေးအနီး၌ အပြစ်မဲ့ အမျိုးသမီး ငယ်တစ်ဦးအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် အပါအဝင် ဒေါပုံမြို့နယ်နှင့် လှိုင်မြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

   

အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းစဉ်