နေပြည်တော် ၂၆ စက်တင်ဘာ
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်သူရစိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နယ်လီစန်းနှင့် ဦးစီးအရာရှိ ဒေါ်ဆုရတနာကျော်တို့ ပါဝင်ဆွေးနွေးခဲ့သည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-
ဦးမြင့်နိုင်။ ။ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေရဲ့ တာဝန်တွေကိုလည်း ပြောပြပေးပါဦး။
ဒေါ်ဆုရတနာကျော်။ ။ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမယ့်သူတွေအနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့အခါ ဘယ်လိုတာဝန်တွေ ရှိလဲဆိုတော့ ပထမအချက်အနေနဲ့ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို လေးစားအသိအမှတ်ပြုရပါမယ်။ တည်ဆဲဥပဒေတွေ၊ နည်းဥပဒေတွေ၊ အမိန့်နဲ့ အမိန့်ကြော်ငြာစာတွေ၊ ညွှန်ကြားချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကျင့်ဝတ်တွေကို လိုက်နာရပါမယ်။ ဒုတိယအချက်အနေနဲ့ ကော်မရှင်နဲ့ ကော်မရှင်အဖွဲ့ခွဲ အသီးသီးထံ စောင့်ကြည့်လေ့လာမယ့် နယ်မြေအလိုက် သတင်းပို့ရပါမယ်။ တတိယအချက်အနေနဲ့ စောင့်ကြည့် လေ့လာနေစဉ် ကာလတစ်လျှောက်လုံးမှာ သက်သေခံကတ်ပြားကို ချိတ်ဆွဲထားရပါမယ်။ စတုတ္ထအချက်အနေနဲ့ကတော့ စီမံခန့်ခွဲသူတွေရဲ့ အခန်းကဏ္ဍနဲ့ ရာထူး၊ တာဝန်နဲ့ အခွင့်အာဏာတွေကို လေးစားလိုက်နာရပါမယ်။
ပဉ္စမအချက်အနေနဲ့ကတော့ ဒေသဓလေ့နဲ့ ယဉ်ကျေးမှုကို လေးစားလိုက်နာရပါမယ်၊ ဆဋ္ဌမအချက်အနေနဲ့ကတော့ စောင့်ကြည့်လေ့လာတဲ့အခါ ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာရပါမယ်။ သတ္တမအချက်အနေနဲ့ကတော့ စောင့်ကြည့်လေ့လာသူတွေအနေနဲ့ ကိုယ်နဲ့သက်ဆိုင်ရာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ထံ ပေးပို့တဲ့ သတင်းအချက်အလက်တွေက တိကျသေချာမှုရှိဖို့ လိုအပ်ပါတယ်။ သို့သော်လည်း ပြည်ပရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေအနေနဲ့ ကိုယ့်ရဲ့စောင့်ကြည့်လေ့လာမှု ကုန်ကျစရိတ်အားလုံးကို ကျခံရမှာဖြစ်ပါတယ်ရှင်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်
ဦးမြင့်နိုင်။ ။ ပြည်တွင်းနဲ့ ပြည်ပ တာဝန်တွေကတော့ တူတာပေါ့နော်။ တစ်ချက်ပဲ မတူတာပါ။ ပြည်ပကတော့ ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး စရိတ်တွေကိုတော့ ကုန်ကျခံရတာပေါ့။ စောင့်ကြည့်လေ့လာသူတွေဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဘယ်လိုအတိုင်းအတာအထိ လေ့လာနိုင်သလဲ၊ လေ့လာခွင့်ရှိသလဲဆိုတာလည်း ဆွေးနွေးပေးပါဦး။
ဦးနိုင်သူရစိုး။ ။ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေအနေနဲ့ကတော့ (၁) ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များ၊ (၂) မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ (၃) မဲဆန္ဒရှင် သတင်းအချက်အလက်နှင့်မဲစာရင်းပြုစုခြင်း၊ (၄) ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းနှင့် ရုပ်သိမ်းခြင်း၊ (၅) ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း အတည်ပြုကြေညာခြင်း၊ (၆) မဲလက်မှတ်များ ရိုက်နှိပ်ခြင်း၊ (၇) မဲဆွယ်စည်းရုံးသည့် ကာလနှင့် မဲဆွယ်စည်းရုံးခြင်း ရပ်နားထားသည့်ကာလ၊ (၈) ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်စာရင်းပြုစုခြင်း၊ (၉) ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ သုံးစွဲသော ရွေးကောက်ပွဲအသုံးစရိတ်များ၊ (၁၀) ရွေးကောက်ပွဲ ရလဒ်ကြေညာခြင်းနှင့် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်အမည်စာရင်း ကြေညာခြင်း၊ (၁၁) ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း စတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ အားလုံးကို စောင့်ကြည့်လေ့လာနိုင်ပါတယ်။
ဦးမြင့်နိုင်။ ။ ပြဋ္ဌာန်း ထားတဲ့ ဥပဒေ၊ နည်း ဥပဒေကအစ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာကအစ နောက်ဆုံး ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းတာ၊ စစ်ဆေးတာတွေအထိ စောင့်ကြည့်လေ့လာခွင့် ပေးထားတာပါ။ လေ့လာပြီးရင် တွေ့ရှိချက်ကို အစီရင်ခံရမှာပေါ့။ အစီရင်ခံတင်ပြတဲ့အပိုင်းကလည်း ဘယ်လိုတင်ပြမလဲ၊ ဘယ်လို လိုက်နာပြီးတော့ အစီရင်ခံစာကို ပြုစုမလဲ။
ဒေါ်နယ်လီစန်း။ ။ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့ အစီရင်ခံစာကို စောင့်ကြည့်လေ့လာခွင့် အသိအမှတ်ပြုလွှာ ထုတ်ပေးခဲ့တဲ့ ကော်မရှင် သို့မဟုတ် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ တင်ပြရမှာဖြစ်ပါတယ်။ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေရဲ့ အစီရင်ခံစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အစီရင်ခံစာတင်သွင်းခဲ့တဲ့ ပြည်တွင်းအဖွဲ့အစည်း လေးဖွဲ့ရှိပြီး နိုင်ငံတကာအဖွဲ့ အစည်းကတော့ လေးဖွဲ့ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ပြည်တွင်းအဖွဲ့အစည်းတစ်ဖွဲ့ရှိပြီး ကာလရှည်လေ့လာတဲ့ နိုင်ငံတကာအဖွဲ့အစည်းကတော့ တစ်ဖွဲ့ပဲရှိခဲ့ပါတယ်။
ဦးမြင့်နိုင်။ ။ ရွေးကောက်ပွဲလုပ်ငန်းစဉ် လေ့လာရေးအစီရင်ခံစာ တင်သွင်းတာကအစ စောင့်ကြည့် လေ့လာသူတွေအနေနဲ့ ဆောင်ရမယ့်၊ ရှောင်ရမယ့်အချက်တွေလည်း ရှိပါတယ်၊ အဲဒါတွေနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရမယ်၊ ရှောင်ရမယ် ပြောပြပေးပါဦး။
ဦးနိုင်သူရစိုး။ ။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ဆောင်ရွက်သင့်တဲ့ အချက်တွေ ဆိုတာ (၁)လူပုဂ္ဂိုလ်စွဲ၊ ပါတီစွဲကင်းရှင်းရန်၊ (၂) စောင့်ကြည့်လေ့လာသည့် အဆင့်တိုင်းတွင် နိုင်ငံရေးအရ သမာသမတ်ကျမှုကို တိကျစွာလိုက်နာရန်၊ (၃) အဝတ်အစား၊ သင်္ကေတအမှတ်အသားများ ဝတ်ဆင်ရာတွင်နိုင်ငံရေးပါတီ (သို့မဟုတ်) ရွေးကောက်ပွဲဝင်ရောက်သည့် ကိုယ်စားလှယ်လောင်း တစ်ဦးဦးအား ထောက်ခံအားပေးခြင်း (သို့မဟုတ်) ဆန့်ကျင်ကန့်ကွက်တဲ့ ပုံစံမျိုးမပြုမိဖို့ လိုအပ်ပါတယ်၊ (၄) ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းများအပြင် မသန်စွမ်းသူများ လွယ်ကူအဆင်ပြေစွာ၊ လုံခြုံစွာ မဲပေးနိုင်ရေးများကို သိရှိနားလည်ရန်အတွက် လေ့လာသင်ယူထားရန် လိုအပ်ပါတယ်၊ (၅) တာဝန်များကို မှန်ကန်ရိုးသားစွာနှင့် တာဝန်ယူမှု ရှိစွာဆောင်ရွက်ရန်၊ (၆) တိကျပြီး မှန်ကန်ရိုးသားမှုရှိသည့် အစီရင်ခံစာများတင်သွင်းရန်၊ (၇) အခြားသောရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ (၈) လျှို့ဝှက်မဲပေးခြင်းစနစ်ကို ကာကွယ်ရန်၊ မဲရုံမှူး၏ဥ ပဒေနှင့်ညီသော ညွှန်ကြားချက်များကိုလိုက်နာရန် စသည်တို့ ဖြစ်ပါတယ်။
စောင့်ကြည့်လေ့လာ
ဦးမြင့်နိုင်။ ။ တော်တော်ကောင်းပါတယ်။ လေ့လာသူတွေက တရားမျှတရမှာပါ။ ဆောင်ရမယ့် အချက်တွေအတိုင်း လိုက်နာဖို့လိုပါတယ်။ နောက်တစ်ခါ ရှောင်ရမယ့်အချက်တွေလည်း ပြောပြပေးပါ။
ဒေါ်ဆုရတနာကျော်။ ။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေအနေနဲ့ ဆန္ဒမဲပေးပြီးတဲ့ မဲဆန္ဒရှင်တွေကို မဲရုံနဲ့ ၁၅ ကိုက်အတွင်းမှာ ဘယ်သူ့ကိုမဲပေးခဲ့တယ်ဆိုတာကို မမေးရပါဘူး။ လက်နက်တွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို မသယ်ဆောင်ရပါဘူး။ ရွေးကောက်ပွဲအရာရှိတွေနဲ့ မဲဆန္ဒရှင်တွေရဲ့တာဝန်နဲ့ အခွင့်အရေးကို လွှမ်းမိုးသက်ရောက်စေမယ့် လှုံ့ဆော်မှုတွေ မပြုလုပ်ရပါဘူး။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဝင်ရောက်စွက်ဖက်ခြင်း၊ နှောင့်ယှက်ခြင်းတွေ မလုပ်ရသလို ကိုယ့်ရဲ့အဖွဲ့အစည်းအတွက် တရားဝင်ပြောရေးဆိုခွင့် ရှိသူမဟုတ်ဘဲ မီဒီယာတွေကို မှတ်ချက်၊ တရားဝင် ကြေညာချက်တွေ မပြောရပါဘူး။
ဦးမြင့်နိုင်။ ။ ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူတွေ လာရောက် လျှောက်ထားကြရန် ကြေညာပြီးပြီ ဖြစ်ပါတယ်။ ဒီနေ့အထိ လျှောက်ထားပြီး အခြေအနေနဲ့ အသိအမှတ်ပြုပြီးတဲ့ အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်မှုလေးတွေ ပြောပြပေးပါဦး။
ဒေါ်နယ်လီစန်း။ ။ ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြေညာချက်တွေထုတ်ထားပြီး လောလောဆယ်မှာတော့ ပြည်ပက လာရောက်လျှောက်ထားသူ မရှိသေးပါဘူး။ အထူးသဖြင့် သံတမန်အဖွဲ့တွေကကာလတိုအနေနဲ့ လျှောက်ထားခွင့်ရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲနီးမှပဲ လာရောက်လျှောက်မယ့်သဘောရှိပါတယ်။ ပြည်တွင်းအနေနဲ့ လောလောဆယ် စောင့်ကြည့်လေ့လာဖို့ ကာလရှည်အတွက် Pace အဖွဲ့ကနေ လျှောက်ထားပြီး ခွင့်ပြုထားတာလည်း ၁၅၈ ဦး ရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ ရည်ရွယ်ထားတဲ့ ဒေသတွေမှာ စောင့်ကြည့်လေ့လာမှုတွေ စတင်ပြီးပြုလုပ်နေပါပြီ။
ဦးမြင့်နိုင်။ ။ မဲဆန္ဒနယ် ၁၃ နယ်မှာ ၁၅၈ ဦးက သွားရောက်လေ့လာနေကြပြီး အခုဆို မဲစာရင်းတွေကပ်ပြီး လာရောက်ကြည့်ရှုပြီးတော့ လုပ်ငန်းတွေကို လာရောက်လေ့လာနေကြပြီ။ ရက်လိုသေးတော့ နောက်ထပ်လည်း လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စောင့်ကြည့် လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခဲ့မှုအခြေအနေကိုလည်း ဆွေးနွေးပေးပါဦး။
ဒေါ်နယ်လီစန်း။ ။ ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခဲ့မှုကို ပြန်ပြောရမယ်ဆိုရင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကို စပြီး တရားဝင်ဖိတ်ခေါ်ခဲ့တာဆိုရင် ၂၀၁၅ ခုနှစ်မှာစခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာလည်း ထပ်ပြီးဖိတ်ခေါ်ခဲ့တယ်။ အရင်တုန်းက မရှိခဲ့ဘူးလားဆိုတော့ ရှိတော့ရှိခဲ့ပါတယ်။ တရားဝင် ဖိတ်ခေါ်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ၂၀၁၀၊ ၂၀၁၂ ခုနှစ်မှာဆိုရင် သံရုံးတချို့မှသူတွေကတော့ နိုင်ငံအနှံ့သွားပြီး နည်းနည်းပါးပါး လိုက်ကြည့်ကြတာမျိုးတော့ရှိတယ်။ တရားဝင် လေ့လာသူတွေ မရှိဘူး။ ၂၀၁၅ ခုနှစ်မှာ တရားဝင် ကြေညာချက်တွေထုတ်ပြီး စတင်ဖိတ်ခေါ်ခဲ့တာပါ။ အဲဒီအချိန်မှာဆိုရင် အင်တိုက်အားတိုက် လာရောက်လေ့လာခဲ့ကြပါတယ်။
ရွေးကောက်ပွဲလေ့လာ
၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲလေ့လာဖို့ အသိအမှတ်ပြုခံခဲ့ရတဲ့ ပြည်တွင်းအဖွဲ့အစည်း ၁၀၅ ဖွဲ့ရှိပြီးရွေးကောက်ပွဲလေ့လာသူ ၁၂၅၂၆ ဦး ရှိခဲ့ပါတယ်။ အသိအမှတ်ပြုခံခဲ့ရတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူ ၁၁၅၃ ဦးရှိခဲ့ပြီး နိုင်ငံတကာသံရုံး ၃၂ ရုံးက ၄၇၅ ဦး၊ နိုင်ငံတကာ အဖွဲ့အစည်း ခြောက်ဖွဲ့က ၄၆၈ ဦးနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်း ကိုးဖွဲ့က ၁၈၃ ဦးရှိခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ASEAN Election Visitor Program အစီအစဉ်ကို International IDEA အဖွဲ့နဲ့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရွေးကောက်ပွဲကော်မရှင် ငါးခုက ၁၉ ဦးနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ သုံးဦး အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဖိတ်ကြားခဲ့တဲ့ လေ့လာသူ ရှစ်ဦး ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ရွေးကောက်ပွဲ လေ့လာဖို့ အသိအမှတ်ပြုခံခဲ့ရတဲ့ ပြည်တွင်းအဖွဲ့အစည်း ၁၄ ဖွဲ့ရှိပြီး ရွေးကောက်ပွဲလေ့လာသူ ၂၀၆၂ ဦး ရှိခဲ့ပါတယ်။ အသိအမှတ်ပြုခံခဲ့ရတဲ့ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူ ၃၁၂ ဦးရှိခဲ့ပြီး နိုင်ငံတကာသံရုံး ၂၃ ရုံးက ၁၇၇ ဦး၊ နိုင်ငံတကာအဖွဲ့အစည်း နှစ်ခုက ၃၅ ဦးနဲ့ ရွေးကောက်ပွဲဆိုင်ရာကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံ တကာအဖွဲ့အစည်း ရှစ်ဖွဲ့က ၁၀ဝ ရှိခဲ့ပါတယ်။
အကျိုးကျေးဇူးတွေ များလာ
ဦးမြင့်နိုင်။ ။ ၂၀၁၈ ခုနှစ်ကြားဖြတ်မှာ ပြည်တွင်းလေ့လာသူကတော့ ၁၅၈ ဦး နောက်ထပ်လည်း လေ့လာစောင့်ကြည့်ကြဖို့ရှိဦးမယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း လေ့လာစောင့်ကြည့်ရာမှာ လွတ်လပ်ပြီး တရားမျှတစွာအောင်မြင်တဲ့ ရွေးကောက်ပွဲကြီး ကျင်းပပေးနိုင်ခဲ့ပါတယ်ဆိုတာ သူတို့ လက်ခံသွားကြတယ်။ သူတို့ရဲ့ အစီရင်ခံစာတွေထဲမှာ ထည့်ရေးသွားပါတယ်။ ကျွန်တော်တို့လည်း ပြည်ပကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီလိုမသွားခင် ဒီကနေ ဝန်ခံချက်တွေ လက်မှတ်ရေးထိုးပေးရတယ်။ ကျွန်တော်တို့က ဘက်မလိုက်ပါဘူး။ ဓမ္မဓိဋ္ဌာန်ကျကျ စောင့်ကြည့်လေ့လာပါမယ်၊ ပါတီစွဲကင်းပါမယ်၊ ပုဂ္ဂိုလ်စွဲကင်းပါတယ် စသည်ဖြင့် ဝန်ခံချက် လက်မှတ်ရေးထိုးပြီး တင်လိုက်မှ သူတို့ကလည်း လက်ခံတယ်။ စောင့်ကြည့် လေ့လာပြီး တွေ့တဲ့အတိုင်း အစီရင်ခံစာတွေ၊ အကြံဉာဏ်တွေ ပေးခဲ့တယ်။ အဲဒီလိုလေ့လာစောင့်ကြည့်ကြတော့ အကျိုးကျေးဇူးတွေ များလာပါတယ်။ တချို့နိုင်ငံတွေဆိုရင် အမှန်ခြစ်ကို လက်နဲ့မရေးဘဲ သံချွန်နဲ့ ကိုယ်ကြိုက်တဲ့ မဲဆန္ဒရှင်ပေါ်မှာ ဆန္ဒပြုတာတွေရှိတာပေါ့။ တံဆိပ်တုံးနဲ့ လုပ်တာလည်းရှိတယ်။ ကောင်းတဲ့ အတွေ့အကြုံတွေ ယူခဲ့တာပေါ့။ ခုနကပြောသလို ပြည်တွင်း စောင့်ကြည့်လေ့လာသူတွေက စောင့်ကြည့်ပြီးတော့ အကြံပြုချက်တွေ၊ ဘယ်အချက်တွေကို ပြုပြင်သင့်တယ်၊ ဥပမာ ခုနကပြောတဲ့ စောင့်ကြည့်လေ့လာသူတွေ မဲရုံအတွင်း ဝင်ခွင့်မရှိခဲ့ဘူး၊ အခုတော့ လျှို့ဝှက်ဆန္ဒမဲကို မထိခိုက်စေဘဲ မဲရုံထဲဝင်ခွင့်ရှိတယ်၊ နောက်ပြီး ကြိုတင်မဲတွေပေးတာက မရှင်းမလင်း ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဒါတွေအကြံပြုပေးကြတော့ ပုံစံ (၁-၁)၊ ပုံစံ (၁-၃) ပြန်ပြီးပြင်ပေးခဲ့ပါတယ်။ ပုံစံ (၁-၁) ဆိုရင် ပြည်တွင်းမှာပဲ မဲဆန္ဒနယ် ပြင်ပရောက်နေတဲ့ ကြိုတင်မဲဆန္ဒပေးခွင့်ရှိသူတွေစာရင်း ပုံစံ (၁-၁)မှာ လုပ်ရမယ်။ ပုံစံ (၁-၂) မှာကျတော့ ကြိုတင်မဲပေးခွင့် ရှိတယ်၊ တပ်မတော်သားတွေနဲ့အတူ မိသားစုတွေဖြစ်ပြီး ပုံစံ (၁-၃)ကျတော့ မဲဆန္ဒနယ် ပြင်ပကို ရောက်နေတဲ့ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေကိုဆိုရင် သူတို့အကြံပေးချက်အရ ပြင်ခဲ့ပါတယ်။
စောင့်ကြည့်လေ့လာသူတွေက ရွေးကောက်ပွဲကို လာရောက်စောင့်ကြည့်ပြီး တွေ့ရှိချက်တွေကို အားသာချက်၊ အားနည်းချက်ထောက်ပြတဲ့အခါမှာ ရွေးကောက်ပွဲတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တာပေါ့။ အခုအချက်လေးတွေကို ဒီလိုအတောအတွင်းတွေမှာ သူတို့က ဘာအခွင့် အရေးတွေရှိသလဲ၊ သူတို့ ဘာတွေဆောင်ရမလဲ၊ ရှောင်ရမလဲ၊ ဘယ်အတိုင်းအတာအထိ လေ့လာခွင့်ရှိမလဲ၊ ဘာတာဝန်တွေရှိသလဲ လျှောက်ထားရင် စနစ်တကျနဲ့ခွင့်ပြုပြီး အသိအမှတ်ပြုလွှာတွေကို စနစ်တကျပေးတယ်။ ဒါတွေကို တော်တော်များများ မသိကြဘူး။ အခုလို သိခွင့်ရ၊ ဆွေးနွေးခွင့်၊ မျှဝေခွင့်ရတာ ကောင်းပါတယ်။ စောင့်ကြည့် လေ့လာသူတွေပဲသိဖို့မဟုတ်ဘဲ ဘယ်အတိုင်းအတာအထိ လေ့လာခွင့်ရှိတယ်၊ အခုလို ပြောတဲ့အချက်တွေ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းကလည်း သိသင့်တာပဲ။ မဲရုံမှူးလည်း သိရမှာပဲ။ ကျန်တဲ့အဆင့်ဆင့်လည်းသိရမှာပဲ။ သူတို့က တံဆိပ်ကပ်ပြီး ရွေးကောက်ပွဲကို လေ့လာမယ်ဆိုရင် ပြည်တွင်း၊ ပြည်ပလေ့လာသူတွေ ဘာအခွင့်အရေးတွေ ရှိတယ်၊ ဘာတာဝန်တွေ ရှိတယ်ဆိုတာ ဒီဟာလေးတွေကို ပြောခွင့်ရတာ၊ မျှဝေခွင့်ရတာ အင်မတန်ကောင်းပါတယ်။ ရွေးကောက်ပွဲဆိုတာ ပွင့်လင်းမြင်သာရမယ်၊ အများယုံကြည်လက်ခံရမယ်၊ ပွင့်ပွင့်လင်းလင်း လာရောက်လေ့လာကြပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေနဲ့အတူ တရားမျှတရမယ်၊ အများယုံကြည်လက်ခံရမယ်၊ ပွင့်လင်းမြင်သာမှုရှိရမယ်၊ မဲဆန္ဒရှင်ဖော်ထုတ်တဲ့ ရလဒ်ကို အမှန်အတိုင်းထုတ်ပေးပြီး ကြေညာမယ်၊ အမှန်ဖြစ်အောင်လုပ်မယ်၊ ဦးတည်ချက်နဲ့လုပ်မယ်။ လာလည်းစောင့်ကြည့်ကြပါ၊ ထောက်ပြကြပါ၊ အားသာချက်၊ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ အရင်ကလည်း များတယ်။ အခုတော့ ၁၅၈ ဦးပဲ ရှိသေးတယ်။ လာကြဦးမှာပါ။ ပြီးခဲ့တုန်းက ၂၀ဝဝ ကျော်လာတယ်။ အားသာချက်၊ အားနည်းချက်တွေထောက်ပြပါ။ ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲတွေဖြစ်အောင် ဒီမိုကရေစီစနစ်က ရွေးကောက်ပွဲ မကြာမကြာရှိနေမှာ။ ဒီမိုကရေစီရဲ့အလေ့အထ ပြည်သူတွေရော၊ တာဝန်ရှိတဲ့သူအားလုံးရော ဒီမိုကရေစီဆိုတဲ့ ကျင့်စဉ်နည်းလမ်း၊ ရွေးကောက်ပွဲလမ်းစဉ်၊ ကျင့်စဉ်တွေကို ရင်းနှီးကျွမ်းဝင်နေရမယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ လေ့လာကြပါ။ လေ့လာတဲ့ အခါမှာလည်း ပုဂ္ဂိုလ်စွဲကင်းပါ၊ ပါတီစွဲကင်းပါ၊ ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာပါ၊ အားသာချက်၊ အားနည်းချက်တွေကို အရှိကိုအရှိအတိုင်း ဝေဖန်ကြပါ၊ ဒါလေးတွေကို ပြောကြားလိုပါတယ်။
ကျေးဇူးတင်ပါတယ်။