ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဝန်ကြီးချုပ် မိုဒီကို စောင့်ကြိုနေတဲ့ စီးပွားရေးစိန်ခေါ်မှုများ

ကလျာမိုးမြင့်

အိန္ဒိယရွေးကောက်ပွဲမှာ အမျိုးသားရေးဝါဒီဖြစ်တဲ့ ဝန်ကြီးချုပ် နာရိန္ဒြရာမိုဒီရဲ့ ဘီဂျေပီ ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီးနောက် အာရှရဲ့တတိယအကြီးဆုံး စီးပွားရေးဖြစ်တဲ့ အိန္ဒိယနိုင်ငံအတွင်းမှာ အဓိကကျတဲ့ စီးပွားရေးစိန်ခေါ်မှုတွေက ၎င်းကိုစောင့်ကြိုလျက် ရှိနေပါတယ်။

ပြုပြင်ပြောင်းလဲမှု

ဝန်ကြီးချုပ်မိုဒီရဲ့ ပထမအုပ်ချုပ်မှုသက်တမ်းမှာ ၎င်းဟာ နိုင်ငံအနှံ့က ကုန်စည်တွေနဲ့ ဝန်ဆောင်ခတွေ အပါအဝင် အစိုးရနဲ့ ပြုပြင်ပြောင်းလဲမှု အမြောက်အမြားကနေ ခရိုနီ အရင်းရှင်စနစ်ကြီးစိုးတဲ့ အစဉ်အလာကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့တာတွေအတွက် ချီးကျူးအသိအမှတ်ပြုတာကို ခံခဲ့ရပါတယ်။ သို့သော်လည်း ဝန်ကြီးချုပ်မိုဒီအနေနဲ့ ဒီထက်ပိုပြီးလုပ်ဆောင်ဖို့ လိုအပ်နေသေးသလို အထူးသဖြင့် ပြည်သူ့လုပ်ငန်းတွေမှာ ထုံးတမ်းစဉ်လာများလွန်းတာနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်တဲ့ဝါဒကို လျှော့ချဖို့လုပ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အဆင့်တက်လာအောင်လုပ်ဆောင်ဖို့လို

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ အစိုးရက ဝေါလ်မတ်နဲ့ အမေဇုန်တို့လို ပြည်ပကုမ္ပဏီတွေ လုပ်ငန်းလည်ပတ် ဆောင်ရွက်နိုင်မှုကို ကန့်သတ်မယ့် e-commerce ခေါ် အီလက်ထရွန်နစ် ကုန်သွယ်မှုအပေါ်မှာ ဆိုင်းမဆင့်ဗုံမဆင့်ဘဲ စည်းမျဉ်းကန့်သတ်ချက်တွေ ချမှတ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ်မိုဒီအနေနဲ့ စီးပွားရေးပြန်လည် ဦးမော့လာစေရေး အာရုံစိုက်ဖို့နဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကိုမြှင့်တင်နိုင်ပြီး ပြည်ပရင်းနှီး မြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်လွယ်ကူမှု (ease of doing business) အဆင့် သတ်မှတ်ချက် တိုးတက်လာစေရေး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက မှတ်ချက်ပြုခဲ့ပါတယ်။

အလုပ်လက်မဲ့ဖြစ်မှု

မိုဒီရဲ့အစိုးရအဖွဲ့ဟာ အိန္ဒိယပြည်သူ တစ်သန်းကျော်ကို လစဉ်လတိုင်း အလုပ်သမားဈေးကွက်ထဲ ဝင်ရောက်ဖို့ အလုပ်အကိုင် ဖန်တီးပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ မကြာသေးမီက အစိုးရသတင်းရင်းမြစ်တွေကနေ ပေါက်ကြားခဲ့တဲ့ အစီရင်ခံစာကို သတင်းစာတစ်စောင်က ဖော်ပြခဲ့ရာမှာ အိန္ဒိယနိုင်ငံရဲ့ အလုပ်လက်မဲ့ဖြစ်ပွားမှုဟာ ၆ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ၁၉၇၀ ပြည့်နှစ်တွေကစပြီး အမြင့်ဆုံး အလုပ်လက်မဲ့ပမာဏဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူ ၁၉ သန်းကို ပြီးခဲ့တဲ့နှစ်က အိန္ဒိယ ရထားပို့ဆောင်ရေးဌာနရဲ့ ရာထူးနေရာ ၆၃၀ဝ၀ အတွက်ခန့်အပ်ခဲ့ပြီး ဒီအခြေအနေက အလုပ်ရှာဖွေသူတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကြား သိသာထင်ရှားတဲ့ ကွာဟချက်တစ်ခုကို မီးမောင်းထိုးပြနေသလိုပါပဲ။

လေ့ကျင့်သင်ကြားရေးအစီအစဉ်များလိုအပ်

ဟာကွက်မရှိတဲ့ အလုပ်သမားဥပဒေတွေနဲ့ ကျွမ်းကျင်မှု နည်းပညာပိုင်းမှာ မလုံလောက်တဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာဆိုရင် အိန္ဒိယနိုင်ငံရဲ့ လယ်ယာမဟုတ်တဲ့ကဏ္ဍတွေကို နှောင့်နှေးစေတယ်လို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းက ဆိုထားပါတယ်။ဒီတော့ ဝန်ကြီးချုပ်မိုဒီအနေနဲ့ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဝန်ကြီးချုပ် မိုဒီကို စောင့်ကြိုနေတဲ့ စီးပွားရေးစိန်ခေါ်မှုများ အလုပ်သမားဥပဒေ ပိုမိုကောင်းမွန်စေရေး မြှင့်တင်ဖို့လိုမှာဖြစ်ပြီး အလုပ်အကိုင်ဖန်တီးဖို့ ငယ်ရွယ်နုပျိုသူတွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးမယ့် အစီအစဉ်အမြောက်အမြား ဆောင်ရွက်ရမှာဖြစ်သလို စီးပွားရေးမြှင့်တင်သွားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

ရေနံ

အိန္ဒိယနိုင်ငံဟာ နိုင်ငံအတွက်လိုအပ်တဲ့ ရေနံစိမ်းရဲ့ ၈၀ ရာခိုင်နှုန်းကို တင်သွင်းရောင်းချနေပြီး အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေကနေ ရေနံဝယ်ယူမှုကို ရပ်တန့်လိုက်ပါတယ်။ အီရန်ဆီကနေ ရေနံဝယ်ယူဖို့အတွက် ပိတ်ဆို့မှုကင်းလွတ်ခွင့်ပေးထားတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံ ပါဝင်ခဲ့ပေမယ့်လည်း အဲဒီကင်းလွတ်ခွင့်က မေ ၁ ရက်မှာ သက်တမ်း ကုန်ဆုံးသွားခဲ့ပါပြီ။ ဒီတော့ အိန္ဒိယအနေနဲ့ ရေနံကို ဆော်ဒီအာရေဗျအပါအဝင် တခြားရရှိနိုင်တဲ့ အရင်းအမြစ်တွေကနေ ဝယ်ယူဖို့ဖြစ်လာခဲ့ပြီး ရေနံသန့်စင်စက်ရုံတွေကို ပိုပြီးငွေကြေးသုံးစွဲစေဖို့ ဖြစ်လာခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုအခြေ အနေတွေလိုမျိုး ရေနံဈေးနှုန်းနဲ့ပတ်သက်ပြီး ခလုတ်ကန်သင်း တစ်ခုခုဖြစ်လာပြီဆိုတာနဲ့ လောင်စာဆီဈေးနှုန်းကို သက်ရောက်မှုရှိလာပြီး အဲဒီအတွက်ကြောင့်ပဲ ငွေကြေးဖောင်းပွမှုဟာ အိန္ဒိယနိုင်ငံရဲ့စီးပွားရေးမှာ ကာလရှည်ကြာ အမြစ်တွယ်နေခဲ့ တာဖြစ်ပါတယ်။ တင်းမာမှုဖြစ်လာစေတဲ့ ဘယ်လိုလုပ်ရပ်မျိုးကို မှ မမြင်ချင်၊ မတွေ့ချင်ဘူး။ ရိုးရှင်းတဲ့အကြောင်းပြချက်က တော့ ကမ္ဘာကြီးရဲ့ အဲဒီနေရာတွေက တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတွေအပေါ်မှာ ကျွန်ုပ်တို့ အမှီသဟဲပြုနေရတာမို့လို့ပဲ လို့ အမေရိကန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဟတ်ရှ်ဗာဒန် ရှရင်ဂလာက ပြောကြားခဲ့ပါတယ်။

ဗဟိုဘဏ်လွတ်လပ်ခွင့်

ဝန်ကြီးချုပ်မိုဒီရဲ့ ပထမအုပ်ချုပ်မှု သက်တမ်းအတွင်းမှာ ဗဟိုဘဏ်အုပ်ချုပ်ရေး အကြီးအကဲနှစ်ဦးဖြစ်တဲ့ ရက်ဂူရမ် ရာဂျန် နဲ့ အာဂျစ်ပါတယ်တို့ဟာ ပြည်သူလူထုအတွင်း ကတောက်ကဆတ်ဖြစ်ပွားမှု ရှိခဲ့ပြီးနောက် အစိုးရက ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ သတင်းတွ ေပေါ်ထွက်လာချိန်အတွင်းမှာပဲ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဗဟိုဘဏ် အကြီးအကဲအဖြစ် ရာဂျန်အနေနဲ့ သိပ်မထမ်းဆောင်လိုက်ရချိန်မှာပဲ ပါတယ်ဟာလည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီး အဲဒီနေရာမှာ မိုဒီရဲ့ မဟာမိတ်ဖြစ်တဲ့ ရှာကီကန်တာဒက်စ်ကို ခန့်အပ်ခဲ့ပါတယ်။

ရေရှည်ဈေးကွက်ယုံကြည်မှု

ဒက်စ်ဟာ အစိုးရအဖွဲ့အစည်းအမျိုးမျိုးမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူဖြစ်ပြီး ဝန်ကြီးချုပ်မိုဒီဟာ ၂၀၁၆ ခုနှစ်က ၎င်းရဲ့ အငြင်းပွားဖွယ် ငွေသားပိတ်ပင်မှုကို ကြေညာခဲ့ချိန်မှာ ဒက်စ်ဟာ စီးပွားရေးဝန်ကြီးဌာနရဲ့ အရေးပါသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်မိုဒီအနေနဲ့ ၎င်းရဲ့ဒုတိယ သက်တမ်းကို ထမ်းဆောင်တဲ့အခါ ရင်းနှီးမြှုပ်နှံမှုနဲ့ ရေရှည် ဈေးကွက် ယုံကြည်မှုကို မြှင့်တင်ဖို့အတွက် Reserve Bank of India (RBI) ရဲ့ လုပ်ပိုင်ခွင့် ပိုမိုရရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ထပ်မံလျှော့ချနိုင်

ရွေးကောက်ပွဲအတွက် ချဉ်းကပ်ချိန်မှာ ဝန်ကြီးချုပ် မိုဒီအတွက် အဆင်ပြေသွားစေတာက ဒက်စ်ရဲ့လက်အောက် မှာ ဗဟိုဘဏ်ဟာ စီးပွားရေးကိုမြှင့်တင်တဲ့အနေနဲ့ အတိုးနှုန်းတွေကို နှစ်ကြိမ်လျှော့ချပေးခဲ့ပါတယ်။ အစိုးရအနေနဲ့ ဒုတိယသက်တမ်းအဖြစ် တာဝန်ထမ်းဆောင်ချိန်ရောက် လာနေပြီဖြစ်တဲ့အတွက် ဗဟိုဘဏ်ဟာ ဇွန်လလောက်မှာ ချေးငွေအတွက် အတိုးနှုန်းတွေကို ထပ်ပြီးလျှော့ချပေးကောင်း ပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ RBI  ကနေ ဒက်စ်ထွက်ခွာသွားဖို့ မျှော်လင့်နေသူတွေ လည်းရှိနေပြီး အချို့က ဘဏ်ရဲ့လွတ်လပ်ခွင့်ကို ဝင်ရောက် စွက်ဖက်နေခြင်းဟာ ရေတိုမှာ အကျိုးရှိနိုင်ပေမယ့် ရေရှည်မှာတော့ အိန္ဒိယနိုင်ငံရဲ့စီးပွားရေးကို အထိနာစေလိမ့်မယ်လို့ စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါတယ်။ ။

ကိုးကား အေအက်ဖ်ပီ