ဂျေရုဆလင် ၁၁ ဩဂုတ်
ညွန့်ပေါင်းအစိုးရအတွင်း ပြဿနာများ ဖြစ်ပွားနေစဉ် ရွေးကောက်ပွဲအသစ်တစ်ခု ခေါ်ယူခြင်းမှ ရှောင်ရှားနိုင်ရေး လုပ်နိုင်သမျှလုပ်ကြရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ပြန်လည်ကျင်းပမှုကို ရှောင်ရှားနိုင်ရေးနှင့် အစိုးရအတွင်း တည်ငြိမ်မှု ရရှိရေးလုပ်နိုင်သမျှ လုပ်ကြရန် ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။ နိုင်ငံတော်ဘတ်ဂျက်ကို ဩဂုတ်လအတွင်း နောက်ဆုံးရက် သတ်မှတ်ထားရာမှ တိုးချဲ့ရန် ဥပဒေကြမ်းကို ထောက်ခံသည်ဟု ဝန်ကြီးချုပ်က ပြောသည်။
ပျက်ပြယ်သွားမည်
လက်ရှိဥပဒေအောက်တွင် နေတန်ယာဟု ဦးဆောင်သည့် လီကွတ်ပါတီနှင့် ဘန်နီဂန့်စ် ဦးဆောင်သည့် အပြာ နှင့် အဖြူပါတီတို့သည် ဩဂုတ် ၂၅ ရက်တွင် ဘတ်ဂျက်ကို အတည်ပြုရမည်ဖြစ်ပြီး ထိုသို့မဟုတ်လျှင် ပါလီမန်မှာ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်သည်။ ။
နောက်ဆုံးရက်သတ်မှတ်ချက် ရွှေ့ဆိုင်းရန် သဘောတူသည်ဟု ဘန်နီဂန့်စ်ကပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နေတန်ယာဟုနှင့် ဘန်နီဂန့်စ်တို့သည် ဘတ်ဂျက်သတ်မှတ်ရေးအတွက် အချိန်သတ်မှတ်ချက်အပေါ် အငြင်းပွားနေခဲ့ကြသည်။ နေတန်ယာဟုကမူ ၂၀၂၀ အတွက်သာ ဘတ်ဂျက်ရေးဆွဲလိုပြီး ဘန်နီဂန့်စ်ကမူ ၂၀၂၁ ခုနှစ်အထိပါ ဘတ်ဂျက်ရေးဆွဲလိုသည်။ အကယ်၍ အစိုးရကသာ ဘတ်ဂျက်ရေးဆွဲမှုကို နောက်ဆုံးသတ်မှတ်ရက်အတွင်း အတည်မပြုနိုင်ပါက အစ္စရေးသည် လေးကြိမ်မြောက် ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။
မဲအရေအတွက် မရခဲ့ကြ
မတ်လအတွင်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွင်း မည်သည့်ပါတီကမှ အစိုးရ ဖွဲ့နိုင်လောက်သည်အထိ မဲအရေအတွက် မရရှိခဲ့ပေ။ နိုင်ငံရေးအရ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ရှောင်ရှားရန် အစိုးရအဖွဲ့အတွင်း အာဏာခွဲဝေမှုအစီအစဉ်ကို ပြုလုပ်ခဲ့သည်။ အာဏာခွဲဝေရေး စာချုပ်အရ နေတန်ယာဟုနှင့် ဘန်နီဂန့်စ်တို့သည် ၁၈ လစီ အလှည့်ကျ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်သွားရန် မျှော်လင့်ထားကြသည်။
ဆင်ဟွာ