ကလျာမိုးမြင့်

 

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနဲ့ ၎င်းရဲ့သားဖြစ်သူ ဗစ်တာတို့ကို ဥရောပသမဂ္ဂအဖွဲ့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂက အမည်ပျက် စာရင်းသွင်း လိုက်တဲ့ ဘီလာရုစ် ထိပ်တန်းအာဏာပိုင်တွေ အရေအတွက်ဟာ အခုဆိုရင် ၅၉ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

 

အင်အားသုံးဖိနှိပ်ခဲ့

နိုဝင်ဘာ ၆ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထပ်မံထည့်သွင်းလိုက်တဲ့သူ ၁၅ ဦးထဲမှာ KGB လျှို့ဝှက် ထောက်လှမ်းရေးရဲချုပ် အိုင်ဗန်တာတယ်လ်နဲ့ သမ္မတ လူကာရှန်ကိုရဲ့ ရုံးအဖွဲ့အကြီးအကဲ အီဂေါ်ဆာဂျန် ကိုတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ကြီးဟာ ဩဂုတ် ၉ ရက် မှာ မစ္စတာလူကာရှန်ကို ဘီလာရုစ်သမ္မတအဖြစ် ပြန်လည်အနိုင်ရရှိခဲ့မှုကို လက်မခံခဲ့သလို ၎င်းကိုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေအပေါ် အင်အားသုံးပြီး ဖိနှိပ်ခဲ့တာကို ဝမ်းနည်းကြောင်းဖော်ပြခဲ့တဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါတယ်။

 

လုပ်ပွဲတစ်ခုအဖြစ် ရှုမြင်ခံရ

သမ္မတ လူကာရှန်ကိုရဲ့ သားဖြစ်သူဗစ်တာဟာ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဖြစ်ပါတယ်။ နိုင်ငံကို နှစ်ရှည်လများအုပ်ချုပ်ခဲ့တဲ့ သမ္မတကပဲ ရွေးကောက်ပွဲမှာ သမ္မတနေရာကို ပြန်လည် အနိုင်ရလိုက်ခြင်းက ရွေးကောက်ပွဲကို ကြိုတင်ကြံစည်ထားတဲ့ လုပ်ပွဲတစ်ခုအဖြစ် ဘီလာရုစ်ပြည်သူတွေကို ထင်မြင် စေခဲ့ပြီး အဲဒီရွေးကောက်ပွဲရလဒ်ကြောင့်ပဲ တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲတွေ ကြောက်ခမန်းလိလိ ပေါ်ထွက်လာ စေခဲ့တာပါ။

 

အဓိက အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ နာ့ဗ်စကာယာက၎င်းဟာ ရွေးကောက်ပွဲအတွင်းမှာ ဆန္ဒမဲအားလုံးရဲ့ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းအတွင်း ရရှိထားခဲ့ပေမယ့် ရွေးကောက်ပွဲပြီးတာနဲ့ တစ်ပြိုင်နက် အိမ်နီးချင်း လစ်သူယေးနီးယား ကို အတင်းအကျပ် နှင်ထုတ်ခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိ

ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ OSCE က ရွေးကောက် ပွဲစတင်ချိန်ကတည်းက လူ့အခွင့်ရေးချိုးဖောက်မှုတွေ အများအပြားရှိနေတာကို တွေ့ခဲ့ရတဲ့အပြင် ရွေးကောက်ပွဲဖြစ်စဉ် အဆင့်ဆင့်တွေမှာ မသမာမှုတွေရှိခဲ့တဲ့အတွက် မစ္စတာလူကာရှန်ကိုအား အနိုင်ပေးထားတဲ့ရလဒ်ကို ပယ်ဖျက်ဖို့ တောင်းဆိုခဲ့ပါတယ်။

 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ် ရက်ဘ်က ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ ရဲ့ အစီရင်ခံစာအရ ဘီလာရုစ်သမ္မတ ရွေးကောက်ပွဲရဲ့ ဗဟိုချက်မတစ်ခုလုံးမှာရှိနေတဲ့ လိမ်လည်မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အသစ်ပြန်လည် ကျင်းပဖို့တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။

 

ဘယ်လိုဒဏ်ခတ်ပိတ်ဆို့မှုမျိုးလဲ

ဥရောပသမဂ္ဂအဖွဲ့ကြီးက ယခုလုပ်ဆောင်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအရ အမည်ပျက်စာရင်းသွင်းခံရတဲ့ အာဏာပိုင်တွေအနေနဲ့ ခရီးသွားဗီဇာ ပိတ်ပင်ခံလိုက်ရပြီဖြစ်သလို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအတွင်း ၎င်းတို့ခံစားခွင့်ရှိတဲ့ ဘယ်လိုပိုင်ဆိုင်မှုကိုမဆို ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေဟာဆိုရင်လည်း အမည်ပျက်စာရင်း သွင်းခံထားရတဲ့ ဒီလူတွေကို ချေးငှားခွင့် မရှိတော့ပါဘူး။

 

ဘီလာရုစ် ရဲချုပ်ကိုလည်း အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေကို အင်အားသုံးနှိပ်ကွပ်မှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ထင်သလိုဖမ်းဆီးမှု၊ အနိုင်ကျင့်နှိပ်စက်မှု၊ သတင်းသမားတွေအပေါ် ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဦးဆောင်ခဲ့တယ် ဆိုပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ ၎င်းရဲ့သားကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲထည့်သွင်းဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေက အောက်တိုဘာ ၁၂ ရက်မှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

 

သမ္မတပူတင်ထောက်ခံလျက်ရှိ

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မစ္စတာ လူကာရှန်ကို၊ ၎င်းရဲ့သားနဲ့ တခြား ဘီလာရုစ် ထိပ်တန်းအာဏာပိုင်အချို့ကို ဗြိတိန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အရေးယူပိတ်ဆို့မှု ဥပဒေအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

 

ဘီလာရုစ်ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ သမ္မတလူကာရှန်ကို လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေဟာ စက်ဆုပ်စရာ အထင်သေးစရာကောင်းလှတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း ပဲရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ မစ္စတာ လူကာရှန်ကို ကို ထောက်ခံအားပေးခဲ့ပြီး ဟိုးယခင် ဆယ်စုနှစ်တွေ တုန်းကလို မဟာမိတ်တွေဖြစ်လာဖို့ ပြန်လည်ကြိုးပမ်းနေပါတယ်။

 

အပတ်စဉ်ဆန္ဒပြ

ဘီလာရုစ် အတိုက်အခံအဖွဲ့ဟာ ရွေးကောက်ပွဲပြီးခဲ့တဲ့ အချိန်ကစပြီးအပတ်စဉ် တနင်္ဂနွေနေ့ရောက်တိုင်း ဆန္ဒပြပွဲတွေ အကြီးအကျယ်ပြုလုပ်ဖို့ စီစဉ်ခဲ့ပြီး မြို့တော်မင့်စ်မှာ ပြည်သူတစ်သိန်း ကျော်လောက်အထိ လူထုစုဝေး ချီတက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ နဲ့ အမေရိကန်အစိုးရအဖွဲ့ဟာ ဘီလာရုစ်ရဲ့ ဩဂုတ်လ ရွေးကောက်ပွဲဟာ လိမ်ဆင်တစ်ခုဖြစ်တယ်ဆိုတာကို သဘောတူလက်ခံထားသလို မစ္စတာ လူကာရှန်ကို ကို ဆန့်ကျင်တဲ့ သူတွေအပေါ်မှာလည်း ကြမ်းတမ်းရက်စက်စွာ အင်အားသုံးနှိပ်ကွပ်ခဲ့တယ်ဆိုတာဟာလည်း အမှန်ပဲလို့ လက်ခံယုံကြည်ထားကြပါတယ်။

 

သမ္မတလူကာရှန်ကို ကို အယုံအကြည်မရှိတဲ့ ဥရောပသမဂ္ဂက ဘီလာရုစ် အာဏာပိုင်တွေအနေနဲ့ ရဲတပ်ဖွဲ့က ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေကို ရပ်တန့်အောင်လုပ်ဖို့ တိုက်တွန်းထားပြီး ရက်သတ္တပတ် များစွာကြာအောင် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေနဲ့ နိုင်ငံရေးအကျဉ်းသား တွေကို မြန်မြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

 

အမည်ပျက်စာရင်းသွင်းပြီး ဒဏ်ခတ် ပိတ်ဆို့ခံလိုက်ရပြီဖြစ်တဲ့ သမ္မတ လူကာရှန်ကိုကတော့ နိုင်ငံအတွင်းမှာ ရဲတွေရဲ့ ကြမ်းတမ်းရက်စက်တဲ့လုပ်ရပ်တွေကို အဆုံးသတ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့၊ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်စဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပဖို့ အတိုက်အခံဘက်က အကြိမ်ကြိမ်တောင်းဆိုထားသမျှကို အခုအချိန်အထိ ဂရုမစိုက်သလို ဘာတုံ့ပြန်မှုမှလည်း မရှိသေးဘူးလို့ သိရပါတယ်။    ။

ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ