နေပြည်တော်  ၈  နိုဝင်ဘာ

 

ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းနှင့် ဥပဒေစကားဝိုင်းဆွေးနွေးပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦး၊ ဦးစီးအရာရှိ ဒေါ်မြသန္တာထွန်းနှင့် ဒေါ်ဟေသူဆွေမွန်တို့ ပါဝင်ဆွေးနွေးခဲ့သည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-

 

ဦးမြင့်နိုင် ။ ။ ရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေ စာရင်းတင်သွင်းခြင်း လုပ်ငန်းကတော့ ရွေးကောက်ပွဲ ကျင်းပပြီးနောက်မှာ ဆောင်ရွက် ရမယ့် လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ အခု နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ ပြီးပြီဆိုတော့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေ စာရင်း တင်သွင်းခြင်းနဲ့ ပတ်သက်ပြီး ဒီနေ့ဆွေးနွေးကြမယ်။

 

မဲဆန္ဒရှင်တွေ သိသင့်သိထိုက်တဲ့အချက် အလက်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ မဲရုံ မှူး၊ ဒုမဲရုံမှူးတွေ သိသင့်သိထိုက်တဲ့ အချက် အလက်တွေ၊ စောင့်ကြည့်လေ့လာသူတွေ သိသင့် သိထိုက်တဲ့ အချက်အလက်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က တာဝန်ရှိတဲ့သူတွေ သိသင့်သိထိုက်တဲ့ အချက်အလက် တွေကိုလည်း စကားဝိုင်းတွေအနေနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။

 

ရွေးကောက်ပွဲအပြီး ဆောင်ရွက်ရမယ့်နှစ်ချက်
အခုဆွေးနွေးမှာကတော့ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပြီး နောက်မှာ ဆောင်ရွက်ရမယ့်လုပ်ငန်းက နှစ်ချက် ရှိပါတယ်။ ပထမက ရွေးကောက်ပွဲကုန်ကျစရိတ် ငွေစာရင်းတင်သွင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ရမယ်။ နောက်တစ်ခါ ယှဉ်ပြိုင်တဲ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်လွှာရှိရင် ကန့်ကွက်လွှာ တင်သွင်းတဲ့အပိုင်း ရှိပါတယ်။

 

ဒါကရွေးကောက်ပွဲ ကျင်းပပြီးနောက်မှာ ဆောင်ရွက်ရမယ့်လုပ်ငန်းနှစ်ပိုင်းပါ။ အရင်က ဆွေးနွေးခဲ့တဲ့ စကားဝိုင်း အကြောင်းအရာ တွေကတော့ ရွေးကောက်ပွဲမတိုင်မီမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေပါ။ သိသင့်သိထိုက်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီနေ့ ပထမအပိုင်းအနေနဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေစာရင်း တင်သွင်းခြင်းအပိုင်းကို ဆွေးနွေးကြမယ်။ ပြီးရင် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်းအပိုင်းကို ဆွေးနွေးမယ်။ နှစ်ပိုင်းဆွေးနွေးပြီးရင်တော့ ရွေးကောက်ပွဲ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပြီးစီးသွားပါပြီ။

 

ပထမပိုင်းအနေနဲ့ ဆွေးနွေးမယ့် ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းခြင်းဆိုတာက ရွေးကောက်ပွဲပြီးတဲ့နောက်မှာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ဆောင်ရွက်ရမယ့် အပိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဆွေးနွေးရတာ ကောင်းပါတယ်။ အဲဒီတော့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဆောင်ရွက်ရမယ့် အပိုင်းဖြစ်တယ်ဆိုတော့ ပထမဦးဆုံး ရွေးကောက် ပွဲကုန်ကျစရိတ်နဲ့ ပတ်သက်လို့ မဆွေးနွေးခင်မှာ အခု ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းဦးရေ၊ လစ်လပ်မဲဆန္ဒနယ် စုစုပေါင်း၊ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အဲဒီလွှတ်တော် ကိုယ်စား လှယ်လောင်းတွေက ဘယ်လောက် ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကို ခန့်ထားပြီးတော့ ဆောင်ရွက်သလဲ ဒါလေးကို ပထမဦးဆုံး ဆွေးနွေးပေးပါဦး။ 

 

ဦးမြတ်ထွန်းဦး ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ အဲဒီကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ပြည်သူ့လွှတ်တော်အတွက် လေးနေရာ၊ အမျိုးသားလွှတ်တော်အတွက် တစ်နေရာ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်အတွက်ရှစ်နေရာ ပါဝင်ပါတယ်။ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စား လှယ်လောင်း အရေအတွက် ၆၉ ဦး ရှိပြီး အဲဒီလွှတ်တော်ကိုယ်စားလှယ်လောင်းကနေ ပုံစံ (၇ က) နဲ့ ခန့်ထားတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်ကတော့ ၃၁ ဦးရှိပါ တယ်။ 

 

ဦးမြင့်နိုင် ။ ။ လွှတ်တော် ကိုယ်စားလှယ်လောင်းတိုင်းက ရွေးကောက်ပွဲကိုယ်စားလှယ် မခန့်ထားဘူးလို့ သိရပါတယ်။ အဲဒီတော့ လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် မခန့်ထားဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ တာဝန်ကိုလည်း သူကထမ်းဆောင်ရတယ်။ ရွေးကောက်ပွဲကိုယ်စားလှယ်ရဲ့ တာဝန်ကိုလည်းပဲ သူကထမ်းဆောင်ရပါတယ်။ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ ငွေတွေ သုံးစွဲကြတယ်။ အဲဒါ ဘယ်လောက်ထိ သုံးစွဲနိုင်သလဲ။ သူသုံးစွဲတဲ့ အမျိုးအစားတွေက ဘယ်လို ငွေအမျိုးအစားတွေ ဆိုတာကိုလည်း ဦးမြတ်ထွန်းဦးက ဆက်ပြီး ဆွေးနွေးပေးပါဦး။

 

ဦးမြတ်ထွန်းဦး။ ။ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဟာ သူ့ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်အဖြစ် ငွေကျပ်သိန်း ၁ဝဝ အထိ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ သိန်းတစ်ရာထက် ပိုပြီးတော့ သုံးစွဲခွင့် မရှိပါဘူး။ အဲဒီလို သုံးစွဲတဲ့နေရာမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းက ကိုယ့်ရဲ့ရွေးကောက်ပွဲ ကုန်ကျစရိတ်အတွက် ကိုယ်ပိုင်ငွေကြေးနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အဲဒါအပြင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားတစ်ဦးချင်းစီကပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ ဒါမှမဟုတ် ကုမ္ပဏီအဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ် တရားဝင်ရရှိထားတဲ့ ငွေကြေးတွေထဲကနေ ထည့်ဝင်လှူဒါန်းတဲ့ ငွေကိုလည်းပဲ အသုံးပြုနိုင်ပါတယ်။ အဲဒါအပြင် သက်ဆိုင်ရာ ပါတီအဖွဲ့ အစည်းတွေ ကနေပြီးတော့ ထောက်ပံ့တဲ့ ငွေကိုလည်းပဲ အသုံးပြုနိုင်ပါတယ်။ 

 

ဦးမြင့်နိုင် ။ ။ သုံးစွဲပိုင်ခွင့်ရှိတဲ့ သိန်းတစ်ရာကို သုံးစွဲတယ်။ အဲဒီသုံးစွဲခဲ့တဲ့ ငွေစာရင်းတွေကို ရွေးကောက်ပွဲပြီးရင် တင်သွင်း ရမှာဖြစ်ပါတယ်။ အခုမဲဆွယ်စည်းရုံးရေး ကာလမှာ သုံးစွဲနေတဲ့ သုံးစွဲပိုင်ခွင့်ရှိတဲ့ ငွေကျပ် သိန်းတစ်ရာ အထိ ဘယ်လို ဘယ်လို သုံးစွဲခဲ့သလဲ ဆိုတာကို ရွေးကောက်ပွဲပြီးရင် တင်သွင်းရမှာ ဖြစ်ပါတယ်။ သုံးစွဲတဲ့ ငွေစာရင်းနဲ့ ပတ်သက်လို့ စာရင်းစာအုပ်တွေ၊ ငွေစာရင်းစာအုပ်တွေကို ဘယ်လိုထားသလဲဆိုတာ ဆွေးနွေးပေးပါဦး။ 

 

ဒေါ်မြသန္တာထွန်း။ ။ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး အနေနဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းတဲ့အခါမှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်အနေနဲ့ ငွေစာရင်း စာအုပ်တွေကို စနစ်တကျ မှတ်တမ်းတင်ထားရှိရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အတိုင်းလည်း ရေးသွင်းရမှာဖြစ်ပါတယ်။ နောက်ရွေးကောက်ပွဲကုန်ကျစရိတ်နဲ့စပ်လျဉ်းပြီးတော့ သတ်မှတ်ချက်နဲ့ အညီ ကျခံသုံးစွဲသွားရမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းက ကုန်ကျ စရိတ်တွေပေးချေတဲ့အခါမှာ လွှတ်တော် ကိုယ်စား လှယ်လောင်း ကိုယ်တိုင်ကပဲဖြစ်ဖြစ် ဒါမှမဟုတ် သူ့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်ကပဲဖြစ်ဖြစ် ကုန်ကျစရိတ်တွေကို ပေးချေနိုင်ပါတယ်။ 

 

ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို တင်သွင်းတဲ့အခါမှာ ရွေးကောက်ပွဲ နည်းဥပဒေ (၇၇)အရ ပုံစံ (၂ဝ) ဖြည့်သွင်းပြီး တင်သွင်းရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ အခုချိန်ကနေစပြီး ပုံစံ(၂ဝ) ဖြည့်သွင်းရတဲ့အပိုင်းကို လေ့လာပြီးတော့ စနစ်တကျ လုပ်ထားမယ်ဆိုရင် အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။ 

 

ဦးမြင့်နိုင် ။ ။ ပုံစံ (၂ဝ) မှာပါတဲ့အချက်တွ ပုံစံ (၂ဝ)မှာ ဘယ်လို ဖော်ပြရမလဲဆိုတဲ့ အဓိကအနှစ်ချုပ် ဖြစ်ပါတယ်။ အဓိက ရှင်းလင်းအောင် ပုံစံ (၂ဝ)မှာ ဘာတွေ ဘာတွေ ဖော်ပြရတယ်ဆိုတာ ခေါင်းစဉ်အလိုက် ဆွေးနွေး ပေးပါဦး။

 

ဒေါ်မြသန္တာထွန်း။ ။ ပုံစံ (၂ဝ)မှာဆိုရင် အရှေ့ပိုင်းမှာ ရငွေအပိုင်းကို ဖြည့်သွင်းပြီးတဲ့အခါမှာ အပိုင်း (က)ကနေ အပိုင်း (ဏ) အထိ (၁၅)ပိုင်း ခွဲခြားပြီး ပုံစံကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ အပိုင်း (က)မှာ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ အပါအဝင် တည်းခိုစရိတ်တွေ၊ ခရီး စရိတ်တွေနဲ့ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်၊ အပိုင်း (ခ)မှာ ရွေးကောက်ပွဲကိုယ်စားလှယ် အပါအဝင် ရုံးအကူ၊ စာရေးတွေကို ပေးရတဲ့ အခကြေးငွေတွေ၊ အပိုင်း(ဂ)မှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်အပါအဝင် စာရေး၊ ရုံးအကူတွေကို ပေးရတဲ့ ခရီးစရိတ် အပါအဝင် အခြားအသုံးစရိတ်၊ အပိုင်း (ဃ)မှာ ကိုယ်စားလှယ်တွေ၊ ရုံးစာရေးတွေ၊ ရုံးအကူတွေမဟုတ်တဲ့ လခရတဲ့သူ၊ လခမရတဲ့ သူတွေကို ပေးရတဲ့ စရိတ်တွေ၊ နောက်အပိုင်း (င) မှာ မိတ္တူခ၊ ပုံနှိပ်ခနဲ့ အပိုင်း (စ) မှာ ကြော်ငြာခတွေ၊ နောက်အပိုင်း (ဆ)မှာ စာရေးကိရိယာနဲ့ ရုံးအသုံး အဆောင်ပစ္စည်းခတွေ၊ အပိုင်း (ဇ)မှာ စာတိုက်၊ တယ်လီဖုန်း၊ ကြေးနန်း၊ ဖက်စ် စတဲ့ ဆက်သွယ်ရေး ဆိုင်ရာ ကုန်ကျစရိတ်တွေ၊ အပိုင်း (ဈ) မှာ စည်းရုံး ဟောပြောဖို့အတွက် ရုံးခန်းငှားရမ်းခတွေ၊ အသံ ချဲ့စက်ငှားရမ်းခတွေနဲ့ အပိုင်း (ည) မှာတော့ ယာဉ်ငှားရမ်းခတွေဆိုပြီး သတ်မှတ်ထားတဲ့အတိုင်း ရေးသွင်းရမှာ ဖြစ်ပါတယ်။

 

အပိုင်း (ဋ) မှာတော့ မပေးချေရသေးတဲ့ အသုံးစရိတ်တွေ ဖော်ပြရမှာဖြစ်ပြီးတော့ အပိုင်း (ဌ)မှာဆိုရင် အခြားအသုံးစရိတ်တွေကို ရေးသွင်း ပြီး ဖော်ပြရမှာဖြစ်ပါတယ်။ အပိုင်း (ဍ) ကတော့ ရှေ့ကအပိုင်းတွေမှာ အသီးသီးဖော်ပြခဲ့တဲ့ စရိတ် စုစုပေါင်းကို ဖော်ပြပေးသွားရမှာ ဖြစ်ပါတယ်။ 

 

ဦးမြင့်နိုင် ။ ။ အခုကတည်းက သုံးစွဲနေတာကို အခုကတည်းက ပုံစံ (၂ဝ) မှာ ဖော်ပြထားတဲ့ ခေါင်းစဉ်အလိုက် ဘာတွေသုံးစွဲ တယ်။ ခုန ဒေါ်မြသန္တာထွန်းပြောတဲ့ တည်းခိုခတွေ၊ ပေးရတဲ့ငှားရမ်းခတွေ၊ မိမိရဲ့ မဲရုံကိုယ်စားလှယ် တွေကို ပေးရတဲ့ အခကြေးငွေတွေ၊ ခရီးစရိတ်တွေ၊ ဒါတွေကို သူ့ခေါင်းစဉ်အလိုက် ရေးမှတ်ထားရင်တော့ လွယ်သွားပါတယ်။ ကုန်ကျစရိတ်ငွေစာရင်း ကို တင်သွင်းတဲ့အခါမှာလည်း ပုံစံ (၂ဝ) နဲ့ ပုံစံ (၂ဝ) မှာပါတဲ့ ခေါင်းစဉ်အလိုက် တိကျမှန်ကန်စွာ ဖြည့်သွင်းပြီး တင်သွင်းရမှာဖြစ်ပါတယ်။ တင်သွင်း တာ မှန်ကန်ကြောင်းလည်းပဲ အဲဒီထဲမှာ တရားရုံး တရားသူကြီးရဲ့ရှေ့မှာ မှန်ကန်ကြောင်း ကျမ်းကျိန် တာတွေ ဒါတွေတော့ ပါပါတယ်။ ပုံစံ(၂ဝ) မှာ ပါတဲ့အတိုင်း တင်သွင်းရမယ်။ ဘယ်ကို တင်သွင်း ရမလဲ။ ဘယ်အချိန်မှာ တင်သွင်းရမလဲ။ ဒါတွေကို ဒေါ်ဟေသူဆွေမွန်က ပြောပြပေးပါ။ 

 

ဒေါ်ဟေသူဆွေမွန် ။ ။ ရွေးကောက်ပွဲ ကျင်းပပြီးစီးတဲ့အခါမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် သူ့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကနေပြီး သူတို့ သုံးစွဲခဲ့တဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေစာရင်းကို ပုံစံ (၂ဝ) နဲ့ ရေးသွင်းပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒါမှမဟုတ် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒါမှမဟုတ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို တင်သွင်းရမှာပဲဖြစ်ပါတယ်။

 

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှာ တင်သွင်း 


တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ဆိုရင်တော့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို တင်သွင်းရမှာပဲဖြစ်ပါတယ်။ သူတို့တင်သွင်းရမယ့် ကာလကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကနေ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ အမည်ကို ကြေညာတဲ့နေ့ကစပြီး ရက်ပေါင်း ၃ဝ အတွင်းမှာ မူလအမည်စာရင်း တင်သွင်းခဲ့တဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှာ တင်သွင်းရမှာ ဖြစ်ပါတယ်။ 
ပြီးတော့ သူ့အနေနဲ့ ပူးတွဲတင်သွင်းရမယ့် စာရွက်စာတမ်း အထောက်အထားတွေကတော့ ရွေးကောက်ပွဲကုန်ကျစရိတ် ငွေစာရင်း ပုံစံ (၂ဝ) မူရင်းနဲ့အတူ မိတ္တူတစ်စောင်ကိုလည်း ပူးတွဲ တင်သွင်းရမယ်။ ဒါ့ပြင်ပြုလုပ်ထားတဲ့ စာရင်းတွေ မှန်ကန်တယ်ဆိုတဲ့အကြောင်းကို မြို့နယ်တရား သူကြီးအဆင့်ထက်မနိမ့်တဲ့ တရားသူကြီးတစ်ဦးဦးရဲ့ ရှေ့မှောက်မှာ ကျမ်းကျိန်ထားတဲ့ ကျမ်းကျိန်လွှာ ကိုလည်း ပူးတွဲတင်သွင်းရမှာဖြစ်ပါတယ်။ 

 

ဦးမြင့်နိုင် ။ ။ ဒါလေးတွေ သတိမူရမယ်။ အဲဒီတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေက ရွေးကောက်ပွဲပြီးလို့ ဘယ်သူရွေးကောက် တင်မြှောက်ခံရပါတယ်လို့ ရလဒ်ကြေညာပြီးတာနဲ့ စပြီးတော့ရက်ပေါင်း ၃ဝ အတွင်း ကို တင်သွင်းရမှာဖြစ်တယ်။ တင်သွင်းရမယ့် နေရာက ပထမဆုံးအမည်စာရင်း တင်သွင်းခဲ့တဲ့ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှာပါ။
အမည်စာရင်းတင်သွင်းခဲ့တဲ့ ကော်မရှင် အဖွဲ့ခွဲဆီကို သွားပြီးတော့ တင်ရမယ်။ တင်ဖို့လို တယ်။ ဒါလေးတွေသတိပြုဖို့ လိုတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် သူ့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်က ရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေစာရင်းတွေကို ပုံစံ (၂ဝ) နဲ့ ဖြည့် ပြီးတော့ ရက်ပေါင်း ၃ဝ မှာ တင်သွင်းရမယ်။သက်ဆိုင်ရာ အမည်စာရင်း တင်သွင်းထားတဲ့ ခရိုင်ကော်မရှင်အဖွဲ့ခွဲကို တင်သွင်းရမှာဖြစ်တယ်။ အဲဒီတော့ ခရိုင်ကော်မရှင်အဖွဲ့ခွဲက အဲဒီလို တင်သွင်းတာ ရလာလို့ရှိရင် ဘယ်လို ဆောင်ရွက်သလဲဆိုတာ ဆွေးနွေးပြောပြပါဦး။

 

ဦးမြတ်ထွန်းဦး ။ ။ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဟာ ဆိုရင် ပုံစံ (၂ဝ) နဲ့ တင်သွင်းလာတဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေစာရင်း တင်သွင်းလွှာတွေကို လက်ခံရရှိတဲ့အခါမှာ အဲဒီကုန်ကျစရိတ်စာရင်း တင်သွင်းတဲ့ နေ့ရက်၊ သတ်မှတ်ထားတဲ့ အချိန်နဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း တင်သွင်းခြင်း ပြု မပြု ကို အဲဒီစာရင်းမှာ မှတ်တမ်းတင်ထားပါတယ်။

 

အဲဒါပြီးတဲ့နောက်မှာတော့ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို လက်ခံရရှိတဲ့နေ့ကနေ နှစ်ရက်အတွင်းကို သက်ဆိုင်ရာရုံးရဲ့ အများပြည်သူ မြင်သာတဲ့နေရာမှာ အဲဒီပုံစံ (၂ဝ) မိတ္တူကို ကပ် ထားပေးပါတယ်။ ပြီးတဲ့နောက်မှာ အဲဒီ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို မိတ္တူကူးယူ လိုတယ်ဆိုရင်တော့ စာတစ်မျက်နှာကို တစ်မျက် နှာ ပြည့်သည်ဖြစ်စေ မပြည့်သည်ဖြစ်စေ ငွေကျပ် ၁ဝဝဝ ပေးဆောင်မယ်ဆိုရင် မဲဆန္ဒရှင် မည်သူမဆို အဲဒီ ပုံစံ(၂ဝ)မိတ္တူမှန်ကို လျှောက်ထား ရယူနိုင်ပါတယ်။
ပြီးတော့သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဟာ ဒီကုန်ကျစရိတ် တင်သွင်းဖို့အတွက် သတ်မှတ်ထားတဲ့ နေ့ရက်ကုန်ဆုံးတဲ့နေ့က နေစပြီးတော့ ခုနစ်ရက်အတွင်းမှာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေရဲ့ အမည်တွေ၊ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တွေနဲ့ကုန်ကျစရိတ်မတင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်တွေ၊ ကုန်ကျ စရိတ် တင်သွင်းခဲ့တယ်ဆိုရင် အဲဒီ ကုန်ကျစရိတ် တင်သွင်းတဲ့နေ့ရက်၊ သတ်မှတ်ထားတဲ့ အချိန်နဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း တင်သွင်းခြင်း ပြု မပြု အဲဒါပြီးတဲ့နောက်မှာတော့ ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကို အရည်အချင်း ပျက်ယွင်းတဲ့သူတွေအဖြစ် သတ်မှတ်ကြေညာသင့်ကြောင်း တင်ပြချက်တွေပါဝင်တဲ့ အစီရင်ခံစာ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်သွင်းရမှာဖြစ်ပါတယ်။ 

 

ဦးမြင့်နိုင်။ ။ ဒါကတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ဆောင်ရွက်ရမယ့် အချက်တွေဖြစ်ပါတယ်။ အဲဒါလည်း ကော်မရှင်အဖွဲ့ခွဲက သေသေချာချာ ပြည့်ပြည့်စုံစုံလေး ဘာကြောင့် အရည်အချင်း ပျက်ယွင်းသူဖြစ်ကြောင်း သတ်မှတ်သင့်တယ်ဆိုပြီး အစီရင်ခံစာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြရတာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြ ပြီးရင် အဲဒီ ကော်မရှင်အ¸ခွဲက ဆက်ပြီးလုပ်ရမယ့် လုပ်ငန်းတာဝန်တွေရှိသေးတယ်။ 

 

ဒေါ်မြသန္တာထွန်း ။ ။ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲတွေအနေနဲ့ ကုန်ကျစရိတ် တင်သွင်းတာနဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်ရတဲ့ အချက်ကတော့ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက အစီရင်ခံစာ တင်သွင်းလာတဲ့အခါမှာ သတ်မှတ်ထားတဲ့ အချက် တွေပါတဲ့ ကြော်ငြာစာကို မိမိရုံးမှာ အများမြင်သာ တဲ့နေရာမှာ ကပ်ထားရမှာ ဖြစ်ပါတယ်။ အဲဒီ အချက်တွေကတော့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင် ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေရဲ့ အမည်တွေ၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်တွေနဲ့ ကုန်ကျစရိတ်မတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်တွေ၊ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းခဲ့မယ်ဆိုရင် အဲဒီ တင်သွင်းတဲ့နေ့ရက်၊ သတ်မှတ်ထားတဲ့ အချိန်နဲ့ သတ်မှတ်ချက် အတိုင်း တင်သွင်းခြင်း ပြုမပြုဆိုတဲ့ အချက်တွေ၊ သတ်မှတ်ရက်အတွင်းမှာ ရွေးကောက်ပွဲ ကုန်ကျ စရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပြီးတော့ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ဖို့ရာ အတွက် တင်ပြထားတဲ့ သူတွေ စတဲ့အချက်တွေ ပါဝင်ပါတယ်။

 

ဦးမြင့်နိုင်။ ။ သက်ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲက ခုန ရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေစာရင်းမတင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အစီရင်ခံစာ တင်တယ်၊ အဲဒီလို အစီရင်ခံစာတင်ပြီး တစ်ပြိုင်နက်တည်းပဲ ကိုယ့်ရုံးမှာလည်းပဲ ဒေါ်မြသ္တာထွန်း ပြောတဲ့အတိုင်းပဲ ကြော်ငြာစာ ကပ်ရပါတယ်။ အများပြည်သူ မြင်သာတဲ့နေရာမှာ ဒီကြော်ငြာတွေကို ကပ်ထား တယ်။ကပ်ထားလိုက်တဲ့အခါကျတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ဘာတွေ ဆက်ဆောင်ရွက်ရမလဲဆိုတာ ဆွေးနွေးပေးပါဦး။

 

ဒေါ်ဟေသူဆွေမွန် ။ ။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ခုန ဆွေးနွေးသွားတဲ့အထဲမှာ ပါသလိုပဲ ကြော်ငြာ စာကပ်ပြီး ၁၅ ရက်အတွင်းမှာ သူတို့ဟာ အရည် အချင်း ပျက်ယွင်းသူ မဟုတ်ကြောင်းကို အကျိုး အကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို လျှောက်ထားနိုင်ပါတယ်။

 

ဦးမြင့်နိုင် ။ ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက သွားပြီးတော့ ကြည့်ရမှာပါ။  တကယ်လို့ သူကရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေစာရင်းတင်သွင်းတာ ပျက်ကွက်ခဲ့တာဆိုရင် ပျက်ကွက်ခဲ့တာဟာ နာမကျန်းဖြစ်လို့၊ ဆေးရုံ တက်ရောက်နေလို့ပါ၊ ဒါမှမဟုတ်ရင် အခြား အကြောင်းကြောင်းကြောင့် ဒီရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေစာရင်းကို သတ်မှတ်ရက်အတွင်း မှာ မီအောင်မတင်ပြနိုင်တာပါ၊ ဒါကြောင့် နောက်ကျခဲ့ရတာပါ စသည်ဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် သူ့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ဖော်ပြပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြလျှောက်ထား နိုင်ပါတယ်။ 

 

အရည်အချင်း ပျက်ယွင်းသူအဖြစ် သူ့ကို မသတ်မှတ်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ ဒီအကြောင်း ဒီအကြောင်း ဒီအကြောင်း ကြောင့် ဒီရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေစာရင်း တင်သွင်းတာကို နောက်ကျခဲ့ရတာပါ။ သတ်မှတ်ရက်အတွင်း မတင်သွင်းခဲ့ရတာပါ။ ဒီလို အကြောင်းတွေကြောင့် မတင်သွင်းနိုင်ပဲဖြစ်ခဲ့ရတာပါ စသည်ဖြင့် တင်ပြရပါတယ်။ ဒါကြောင့်မို့လို့ ကြော်ငြာစာကပ်ပြီး ၁၅ ရက်အတွင်း တင်ရမယ်ဆိုတဲ့ အခါကျတော့ တကယ်လို့များ အဲဒီလွှတ်တော် ကိုယ်စားလှယ် လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စား လှယ်တွေက ငွေစာရင်းတင်သွင်းဖို့ ပျက်ကွက်ခဲ့မယ်၊ နောက်ကျ ခဲ့မယ်ဆိုရင် သက်ဆိုင်ရာ ခရိုင် ကော်မရှင်အဖွဲ့ခွဲက ကပ်ထားတဲ့ ကြော်ငြာစာကို သွားကြည့်ပြီးတော့ ဖော်ပြချက်ကို ဖတ်ရှုပြီးတော့မှ အရည်အချင်း ပျက်ယွင်းသူအဖြစ် သူ့ကိုမသတ်မှတ်သင့်ပါဘူး ဆိုတဲ့ အကျိုးအကြောင်းကို ခိုင်ခိုင်မာမာတင်ပြပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို လျှောက်ထားနိုင်တယ်ဆိုတာ သူ့အခွင့်အရေး ဖြစ်ပါတယ်။

 

အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ ဒါတွေသတိထားရမှာပါ။ ငွေစာရင်း တင်သွင်းတယ်ဆိုတဲ့အခါမှာ ကျန်တဲ့ ရှုံးနိမ့်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေတင် မကပါဘူး။ နိုင်သွားတဲ့ လွှတ်တော် ကိုယ်စားလှယ်ကလည်းပဲ တင်သွင်းရမယ်။ ခုနပြောတဲ့ ခရိုင်ကော်မရှင်အဖွဲ့ခွဲက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက်ရိုက်တင်ပြ အစီရင်ခံတယ်။ ငွေစာရင်း တင်သွင်းဖို့ ပျက်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို တိုက်ရိုက်တင်ပြပြီးတော့ သူဟာ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်သင့် ပါတယ်ဆိုပြီး သဘောထားနဲ့ တင်ပြပါတယ်။

 

ပျက်ကွက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းကလည်းပဲ သူဘာကြောင့် ပျက်ကွက်ခဲ့ပါတယ်ဆိုတဲ့ ပျက်ကွက်ရခြင်း အကြောင်းရင်းကို ခိုင်ခိုင်မာမာ တင်ပြပြီးတော့ သူ့ကိုအရည်အချင်း ပျက်ယွင်းသူအဖြစ် မသတ်မှတ်သင့်ပါဘူးဆိုပြီး လျှောက်ထား ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နှစ်မျိုးရရှိနိုင်ပါတယ်။

 

သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အ¸ခွဲက တင်ပြလာတာရှိမယ်၊ နောက်တစ်ခါ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကလည်း တိုက်ရိုက် လျှောက်ထားလာတာရှိမယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဘာတွေဆက်လုပ်သလဲ ဆိုတာကို ဆက်ပြီး ဆွေးနွေးပေးပါဦး။

 

ဦးမြတ်ထွန်းဦး ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေ ကနေပြီးတော့မှ တင်ပြလာတဲ့ အစီရင်ခံစာအရပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် လောင်းနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းတွေက အရည်အချင်း ပျက်ယွင်းသူအဖြစ် မသတ်မှတ်သင့်ကြောင်း လျှောက်ထားလာတဲ့ လျှောက်ထားချက်တွေအရပဲဖြစ်ဖြစ် ရွေးကောက် ပွဲကုန်ကျစရိတ် ငွေစာရင်းတင်သွင်းမှု ပျက်ကွက်တဲ့ သူတွေဟာ အရည်အချင်း ပျက်ယွင်းသူတွေ ဟုတ် မဟုတ် ဆုံးဖြတ်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ခုံအဖွဲ့တွေကို ဖွဲ့စည်းစစ်ဆေးစေပါတယ်။ အဲဒီ ရွေးကောက်ပွဲ ခုံအဖွဲ့တွေကနေ စစ်ဆေး ဆုံးဖြတ်ပြီးတော့မှ တင်ပြလာတဲ့ ဒီအစီရင်ခံစာတွေအပေါ်မှာ မူတည်ပြီး အရည်အချင်း ပျက်ယွင်းသူတွေအဖြစ် သတ်မှတ်ရန် သင့် မသင့်ဆိုပြီး ကော်မရှင်က ဆုံးဖြတ်ပါတယ်။

 

အဲဒီဟာတွေ ပြီးတဲ့နောက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အရည်အချင်း ပျက်ယွင်းသူတွေလို့ ရွေးကောက်ပွဲ ခုံအဖွဲ့တွေကနေမှ ဆုံးဖြတ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေရဲ့ အမည်တွေကို ကြေညာချက်နဲ့ ထုတ်ပြန်ကြေညာပါတယ်။ အဲဒီကြေညာချက်ကို နိုင်ငံတော် ပြန်တမ်းမှာ ထည့်သွင်းဖော်ပြနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်ပါတယ်။

 

ဦးမြင့်နိုင် ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကို အဲဒီလိုမျိုး အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ် ကြေညာလိုက်ပြီဆိုရင် ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိသလဲဆိုတာကို ဒေါ်မြသန္တာထွန်းက ပြောပြပါဦး။

 

ဒေါ်မြသန္တာထွန်း ။ ။ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ ခုံအဖွဲ့ကနေပြီးတော့ အရည်အချင်း ပျက်ယွင်းသူအဖြစ် ဆုံးဖြတ်ခြင်းခံရမယ့်အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေကို အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာလိုက်တဲ့ နေ့ကနေ စပြီးတော့ အဲဒီ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဟာဆိုရင် လက်ရှိကျင်းပနေတဲ့ လွှတ်တော်သက်တမ်း ကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတော့ပါဘူး။ 

 

ဦးမြင့်နိုင် ။ ။ လက်ရှိ သက်တမ်းကာလအတွင်းမှာကျင်းပတဲ့ ကြားဖြတ်ရွေးကောက် ပွဲတွေမှန်သမျှမှာ ဝင်ရောက်ယှဉ်ပြိုင်လို့ မရတော့ ဘူး။ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အရင်တုန်းက ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ လေးတွေ ၂ဝ၁ဝ၊ ၂ဝ၁၂ ကြားဖြတ်၊ ၂ဝ၁၅၊ ၂ဝ၁၇ အဲဒီလို ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့အခါမှာ အဲဒီလိုပဲ ရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေစာရင်း မတင်သွင်းလို့ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ထားတာတွေ ဘယ်နှယောက်ရှိခဲ့သလဲ။ 

 

ဒေါ်ဟေသူဆွေမွန် ။ ။ သတ်မှတ်ထားတဲ့အတိုင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သွင်းလို့ အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခြင်း ခံခဲ့ရတာကတော့ ၂ဝ၁ဝ ပြည့်နှစ် ပထမအကြိမ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ၁၁၂ ဦးရှိပြီးတော့ ရွေးကောက်ပွဲကိုယ်စားလှယ် ၃၁ ဦး ရှိခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှာကတော့ အရည်အချင်းပျက်ယွင်းသူလို့ ကြေညာခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းရော ရွေးကောက်ပွဲကိုယ်စားလှယ်ရော မရှိခဲ့ပါဘူး။ ၂ဝ၁၅ ခုနှစ် ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် လောင်းအနေနဲ့က ၁၅၉ ဦးနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အနေနဲ့ ၂၄ ဦး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ နှစ်ဦး ရှိပြီး အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာ ခြင်းခံရတဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်ကတော့ တစ်ဦးမှ မရှိခဲ့ပါဘူး။ 

 

ဦးမြင့်နိုင် ။ ။ ၂ဝ၁ဝ နဲ့ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရတာ တော်တော်များ တယ်။ အခု လွှတ်တော်ကိုယ်စား လှယ်လောင်းတွေ ၂ဝ၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပ ပြီးသွားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းတွေ ဒါမှမဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေအားလုံးက ကိုယ်သုံးစွဲခဲ့တဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေစာရင်းကို တင်သွင်းကြပါ။ ဒါကြောင့်လည်း ဒီလိုတင်သွင်း နိုင်အောင်လို့ ပုံစံ (၂ဝ)မှာ သတ်မှတ်ထားတဲ့ အတိုင်းပဲ အခုကတည်းက ခေါင်းစဉ်နဲ့လေ့လာပြီးတော့ အခုကတည်းက စာရင်းပြုစုထားမယ်ဆိုရင် အခက်အခဲမရှိ ဆောင်ရွက်နိုင်မှာပါ။

 

ခေါင်းစဉ်အလိုက် မိမိတို့ရဲ့ သုံးစွဲခဲ့တဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ထားတဲ့ အတိုင်း သတ်မှတ်ရက်အတွင်း တင်သွင်း ကြဖို့လိုပါတယ်။ အခုလို ခေါင်းစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးလိုက်ခြင်းဟာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပပြီးစီးတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေအတွက် အထောက်အကူ ဖြစ်မှာပါ။ 

 

ဒါ့ကြောင့် ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်သွင်းဖို့ ပျက်ကွက်တဲ့ကိစ္စကြောင့် အရည်အချင်း ပျက်ယွင်းသူတွေအဖြစ် မသတ်မှတ် စေချင်ပါဘူး။ မဖြစ်စေလိုပါဘူး။ ရွေးကောက်ပွဲရလဒ် ကြေညာပြီးသွားတဲ့အခါ ရွေးကောက်ပွဲကုန်ကျ စရိတ်ငွေစာရင်းကို သတ်မှတ်တဲ့ အတိုင်း သတ်မှတ်ချက်နဲ့အညီ တင်သွင်းပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။      ။

 


ရှင်မင်း