ရွေးကောက်ပွဲနှင့် ပြည်သူ

 

ပိုက်တင်

 

ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူ့ကိုယ်စား တာဝန်ထမ်းဆောင်ရန် လူဦးရေအများစုထောက်ခံ မဲရသူ လူပုဂ္ဂိုလ်ကို စနစ်တကျ အများပါဝင်ဆုံးဖြတ် ဆောင်ရွက်ခြင်းဟု  အဓိပ္ပာယ်ရှိလေသည်။ (An election is a formal group decisionmaking process by which a population chooses an individual to hold public office.)

 

ခေတ်သစ်ကိုယ်စားပြုဒီမိုကရေစီစနစ်  (repre-sentative democracy)ပုံစံသည် ၁၇ ရာစု လောက်ကတည်းက စတင်ကျင့်သုံးလာခဲ့သည်ဟု မှတ်တမ်းများကဆိုလေသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြသည့်ပုံစံများသည် နိုင်ငံများအကြား ကွဲပြားခြားနားမှုရှိသော်ငြားလည်း ပြည်သူလူထု၏ အဖိုးထိုက်တန်လှသော ဆန္ဒမဲများ၏ အဆုံးအဖြတ် ကို ရယူခြင်းသည်ကား မည်သည့်ဒီမိုကရေစီစနစ်မျိုး တွင်မဆို အခြေခံအကျဆုံးသော သွင်ပြင်လက္ခဏာ ရပ်ဖြစ်လေသည်။ ပြည်သူလူထု၏ ရွေးကောက်ပွဲများ တွင် ဆုံးဖြတ်ခွင့်သည် နိုင်ငံတော်ကို စီမံခန့်ခွဲပိုင်ခွင့် ရရှိသူများ ပေါ်ထွက်လာရေးအတွက် ဒီမိုကရေစီ စနစ်အတွက် မရှိမဖြစ်ဖြစ်သော ဒီမိုကရေစီ၏ နံပါတ်တစ် အနှစ်သာရဟု ဆိုလေ၏။

 

ထိုသို့သော အကြောင်းတို့ကြောင့်ပင်လျှင် ပြည်သူလူထုသည် ရွေးကောက်ပွဲများနီးကပ်လာ သည့်အချိန်များတွင် အလွန်တရာ စန်းပွင့်လေ့ရှိပေ၏။ များစွာသော နိုင်ငံရေးသမားတို့သည် ပြည်သူလူထုကို အထူးသတိတရ ရှိကြသည့်အချိန်သည် ရွေးကောက်ပွဲများနီးကပ်လာသည့် အချိန်ဖြစ်လေ ၏။ ပြည်သူလူထုအား နိုင်ငံရေးသမားတို့က အပြိုင် အဆိုင်ချဉ်းကပ်ကြရလေ၏။

 

တန်ဖိုးကြီးလှသော ဆန္ဒမဲများ

 

ကောင်းနိုးရာရာ ကတိကဝတ်များကို ရှာဖွေကြံဆ ပေးအပ်ကြရလေ၏။ တန်ဖိုးကြီးလှသော ဆန္ဒမဲများကို မိမိတို့ရရှိနိုင်စေရေးအတွက် သူ့ထက်ငါ အပြိုင်အဆိုင် ပြည်သူလူထုကို စည်းရုံးသိမ်းသွင်း ကြရလေ၏။ စနစ်များ မည်သို့ပင်ကွဲပြားခြားနားစေကာမူ အနှစ်သာရအားဖြင့် ထိုသဘောအတိုင်းပင် ရှိလေသည်။ ထို့ကြောင့်ပင် ပြည်သူလူထု၏ နိုင်ငံရေးအသိအမြင် အတိုင်းအတာသည် ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် အသက်တမျှ အရေးပါရခြင်း ဖြစ်လေတော့သည်။

 

ပြည်သူလူထု၏ နိုင်ငံရေးအသိအမြင် ပြည့်စုံ ကြွယ်ဝရေးသည် ဒီမိုကရေစီစနစ် အောင်မြင်ရေး အတွက် သော့ချက်တည်း။ နိုင်ငံရေးသမားတို့က ရွေးကောက်ပွဲများ နီးကပ်လာသည့်အချိန် အပြိုင်အဆိုင်ချဉ်းကပ် လာကြသည့်အခါ၊ စည်းရုံးပြောဆို လာကြသည့်အခါ၊ ကတိကဝတ်များပေးလာကြသည့်အခါ ပြည်သူလူထုအဖို့ရာ အရေးအကြီးဆုံး အကြောင်းတရားကား နိုင်ငံရေးအသိအမြင်ပေါ် အခြေခံသည့် ဆင်ခြင်တုံတရားတည်း။ နိုင်ငံရေး သမားဟူသည် မှန်မှန်ကန်ကန် ပြောဆိုစည်းရုံးလျက်၊ မှန်မှန်ကန်ကန် ကတိကဝတ်များပြုလျက် မှန်မှန် ကန်ကန် နိုင်ငံရေးကို လုပ်ကိုင်လိုကြသူများ ရှိသလို ပြည်သူလူထု၏ ဆုံးဖြတ်ပိုင်ခွင့်ကို ကောင်းစွာ နားလည်သည့်အလျောက် မလျော်ကန်သောအကြံ အစည်ဖြင့် ပြည်သူလူထု၏ အဆုံးအဖြတ်ကို ရယူ အသုံးချလျက် လုပ်ပိုင်ခွင့်အာဏာများရယူပြီး နိုင်ငံ ကိုရော ပြည်သူကိုပါ ဒုက္ခပေးလိုသည့်သူများလည်း ရှိနေနိုင်ပေ၏။ နိုင်ငံရေးကို ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ကြသူများလည်းရှိနေနိုင်ပေ၏။ တစ်ဖန် ရိုးရိုးသားသားလုပ်ကိုင်ဆောင်ရွက်လိုစိတ် ရှိပင် ရှိငြားသော်လည်း လိုအပ်သည့် ရှိသင့်ရှိထိုက်သည့် ကိုယ်ရည်ကိုယ်သွေး၊ ရှိသင့်ရှိထိုက်သည့် နိုင်ငံရေး အသိပညာအတတ်ပညာများမရှိဘဲ နိုင်ငံရေးကို ဝင်ရောက်လုပ်ကိုင်လိုသူများလည်း ရှိနိုင်ပေသည်။

 

ပြည်သူလူထု၏ ဆုံးဖြတ်ချက် အရည်အသွေးကား ရွေးကောက်ပွဲရလဒ်

 

ပြည်သူလူထုက နိုင်ငံရေးဆိုင်ရာ အသိအမြင်ကို သိသင့်သိထိုက်သည့်အဆင့်၊ နားလည်သင့်နားလည် ထိုက်သည့်အဆင့်အထိ သိမြင်နားလည်ထားခြင်းမရှိလျှင် ထိုသို့သိမြင်နားလည်ထားသည်အထိ ကြိုးစားလေ့လာ ဖြည့်တင်းထားခြင်းမရှိလျှင် တန်ဖိုးအရှိဆုံး၊ အရေးအပါဆုံးဖြစ်သော ပြည်သူလူထု၏ ဆုံးဖြတ်ပိုင်ခွင့်တည်းဟူသော ဒီမိုကရေစီစနစ် အောင်မြင်ရေး အတွက် အခြေခံအကျဆုံးအရာသည် အရည်အသွေး နိမ့်ကျနေပေလိမ့်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် နောက်ဆက်တွဲကိစ္စများသည် နိုင်ငံအတွက် လည်းကောင်း၊ ပြည်သူလူထုအတွက်လည်းကောင်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါလှသော စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အစရှိသည့်ကဏ္ဍများတွင် ထိခိုက်ပျက်စီးမှုများ မလွဲမသွေ ကြုံတွေ့ကြရတတ်သည်ဖြစ်၏။ ပြည်သူလူထုက မိမိတို့ကိုယ်စား နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို ဖော်ဆောင်ကြရန် ဆုံးဖြတ်ရွေးချယ် တာဝန်ပေးလိုက်သော နိုင်ငံရေးသမား တို့၏ အရည်အချင်းများသည် တာဝန်ယူမည့်နေရာ၊ လုပ်ပိုင်ခွင့်ရရှိသည့်ရာထူးများနှင့် ထိုက်တန် ကိုက်ညီစေရေးအတွက်ဆိုလျှင် ပြည်သူလူထု၏ ရွေးကောက်ပွဲများတွင် ဆုံးဖြတ်ကြသည့် ဆုံးဖြတ်မှု အရည်အသွေး၊ တစ်နည်းအားဖြင့် ပြည်သူလူထုဆန္ဒ မဲများ၏အရည်အသွေးသည် မြင့်မားနေရန် မဖြစ်မနေလိုအပ်ပေ၏။ ပြည်သူလူထု၏ ဆုံးဖြတ်ချက် အရည်အသွေးကား ရွေးကောက်ပွဲရလဒ်၏ အရည် အသွေးနှင့်လည်းကောင်း၊ အစိုးရများ၊ လွှတ်တော်များ၏ အရည်အသွေးနှင့်လည်းကောင်း တိုက်ရိုက် ဆက်စပ်နေလေ၏။ ပြည်သူလူထု၏ နိုင်ငံရေးဆိုင်ရာ အသိအမြင် အရည်အသွေးသည် ဆန္ဒမဲများ၏ အရည်အသွေးကို ပြဋ္ဌာန်းလေ၏။ အစိုးရများ၊ လွှတ်တော်များ၏ အရည်အသွေးကို ပြဋ္ဌာန်းလေ၏။

 

ပြည်သူလူထု၏ နိုင်ငံရေးဆိုင်ရာ အသိအမြင်များ ပြည့်ဝစေရန်အတွက် ပြည်သူလူထုကိုယ်တိုင်က ကြိုးစားဖြည့်ဆည်းကြရန်လည်း မဖြစ်မနေ လိုအပ်ပေ၏။ ပြည်သူလူထုအနေဖြင့် နိုင်ငံရေးအသိ အမြင်မှန်ကန်ရေး၊ ကြွယ်ဝပြည့်စုံရေး ဖြည့်ဆည်း ဆောင်ရွက်ခြင်းသည် မိမိတို့အကျိုးစီးပွား တစ်ခုတည်းအတွက် ဆောင်ရွက်ရာ ရောက်မည်သာမကဘဲ နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်ထွန်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ကောင်းမွန်သော နိုင်ငံရေးစနစ် ပေါ်ပေါက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာ လည်းရောက်သည်ဖြစ်၏။

 

တစ်ဖန် ပြည်သူလူထုသည် ရွေးကောက်ပွဲများတွင် ဒီမိုကရေစီ၏ အနှစ်သာရ သွင်ပြင်လက္ခဏာများအရ မတူကွဲပြားမှုများ မုချရှိမည်ဖြစ်ပေသည်။ မတူညီသည့် နိုင်ငံရေးပါတီများ၊ မတူညီသည့် နိုင်ငံရေးသမားများကို ကြိုက်ခြင်း မကြိုက်ခြင်း၊ ထောက်ခံခြင်း ကန့်ကွက်ခြင်း စသည်ဖြင့် ကွဲပြားနေမည်သာဖြစ်၏။ သို့သော် ထိုသို့ကွဲပြားနေခြင်းသည် ပြည်သူလူထုက ရွေးကောက်ပွဲများကို အခြေတည် လျက်၊ တစ်နည်းအားဖြင့် နိုင်ငံရေးစနစ်ကို အခြေ တည်လျက် စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်ကြရသည် ဟူသော အခြေအနေမျိုး လုံးဝမဖြစ်စေရပါ။ ရွေးကောက်ပွဲများတွင် မတူညီသည့် နိုင်ငံရေးပါတီများ၊ မတူညီသည့် နိုင်ငံရေးသမားများကို မတူညီစွာ ထောက်ခံကြ၊ ကန့်ကွက်ကြခြင်းက တခြားဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ အကျိုးစီးပွား အတွက်မူ ပြည်သူတစ်ရပ်လုံးသည် စည်းလုံးညီညွတ် နေကြရန် မဖြစ်မနေလိုအပ်ပေ၏။

 

ဒီမိုကရေစီနိုင်ငံရေးစနစ်

 

နိုင်ငံရေးပါတီတစ်ခုကို ကန့်ကွက်သောကြောင့် ထိုပါတီအာဏာရသည့်အခါမျိုးတွင် ထိုအစိုးရကို မိမိကန့်ကွက်ထားသော ပါတီ၏ အစိုးရဟု ဆန့်ကျင်ကန့်ကွက်ခြင်းမပြုအပ်။ ထိုအစိုးရ၏ လုပ်ဆောင်ချက်အပေါ် မူတည်၍ ရလဒ်ကောင်းခြင်း၊ မကောင်းခြင်းဟူသော အခြေအနေပေါ်မူတည်လျက် ဝေဖန်ခြင်း၊ ပြောဆိုခြင်းကို လုပ်နိုင်သော်ငြား ကိုယ်မထောက်ခံသော အစိုးရဖြစ်သောကြောင့် အကြောင်းမဲ့ ဆန့်ကျင်ကန့်ကွက်ခြင်းမပြုအပ်ပေ။ ထိုနည်းတူစွာပင် ကိုယ်ထောက်ခံသောအစိုးရဟူ၍လည်း အစိုးရဘာလုပ်လုပ် အားလုံးမျက်လုံးစုံမှိတ် ထောက်ခံစရာမလိုအပ်။ ထိုသို့ဆိုလျှင် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်သော ဒီမိုကရေစီနိုင်ငံရေးစနစ်သည် တစ်စတစ်စ ယိုယွင်း ပျက်စီးသွားမည်မုချတည်း။

 

ပြည်သူလူထုသည် မိမိတို့အကျိုးစီးပွားကို နိုင်ငံ ရေးသမားများက အမှန်တကယ် ဆောင်ရွက်သယ်ပိုးကြစေလိုသည် အမှန်ဖြစ်ပါက ရွေးကောက်ပွဲ များတွင် ဆန္ဒစွဲများကို ဖယ်ရှားရမည်ဖြစ်၏။ ပါတီစွဲများကို ဖယ်ရှားရမည်ဖြစ်၏။ ဆန္ဒစွဲ၊ ပါတီစွဲများသည် စိတ်ခံစားမှုကို အခြေခံသည့် သဘောတရားဖြစ်သောကြောင့် ကောင်းမွန်သောနိုင်ငံအကျိုးကို ဖြစ်ထွန်းစေမည်ဖြစ်သော ရွေးကောက်ပွဲရလဒ် ရရှိရေးအတွက် ကြီးစွာသော အနှောင့်အယှက် အဟန့်အတားကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်၏။ အမှန်တကယ် အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံတည်ဆောက်ရေး အေးဂျင့်များကို ရွေးချယ်တာဝန် ပေးအပ်နိုင်ရေးအတွက်ဆိုလျှင် ပြည်သူလူထုသည် မိမိတို့၏ တန်ဖိုးရှိလှသော ဆန္ဒမဲများကို စိတ်ခံစား မှုများ၊ တရားသေ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲများ၊ ပါတီစွဲ ဂိုဏ်း ဂနစွဲများဖြင့် မဆုံးဖြတ်သင့်ပေ။ အကျိုးအကြောင်း သင့်လျော်သောဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်သော ဆန္ဒမဲများသည်သာ လူမှန်များကို နေရာမှန်တွင် တာဝန်ပေးအပ်နိုင်ရေးဟူသော ရွေးကောက်ပွဲ၏ အဓိကရည်မှန်းချက်ကို ပြည့်စေနိုင်မည်ဖြစ်၏။

 

ပြည်သူလူထုက မိမိတို့အချင်းချင်းကြား နိုင်ငံရေးအရ အယူအဆအမြင်ကွဲပြားမှုကို ပဋိပက္ခ အသွင်မှတ်ယူလျက် အုပ်စုများကွဲပြားနေကြမည်ဆိုလျှင် နိုင်ငံရေးစနစ်တစ်ခု ကောင်းမွန်စွာ ရှင်သန် လည်ပတ်ရေးသည် မည်သည့်အခါမျှ အကောင် အထည်ပေါ်လာရန် အကြောင်းမရှိပါ။ ရွေးကောက် ပွဲများတွင် မတူကွဲပြားစွာ ထောက်ခံကြခြင်း၊ မထောက်ခံကြခြင်းကိစ္စကို ပြည်သူလူထုတစ်ရပ်လုံး အကျိုးစီးပွား၊ နိုင်ငံတော်တစ်ခုလုံး အကျိုးစီးပွား ဖြစ်ထွန်းရေးဟူသော နိုင်ငံသားအားလုံး တစ်ခဲနက် ကွဲလွဲချက်မရှိ၊ ခြွင်းချက်မရှိ ရည်မှန်းထားကြသော ဘုံအကျိုးစီးပွားနှင့် ရောထွေးပစ်၍မရပါ။

 

စည်းလုံးညီညွတ်မှုမရှိသော ပြည်သူလူထုက ကောင်းမွန်သော အရည်အချင်းရှိသော အစိုးရများ ကို တင်မြှောက်နိုင်ရန် မည်သို့မျှမဖြစ်နိုင်ပါ။ ကောင်းမွန်သော နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်နိုင်ရန် မည်သို့မျှမဖြစ်နိုင်ပါ။ ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် မည်သို့မျှမဖြစ်နိုင်ပါ။

 

ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်မဲပေးသောဓလေ့

 

သို့ပါသောကြောင့် ပြည်သူလူထုသည် အထူးသဖြင့် ရွေးကောက်ပွဲများ နီးကပ်လာသည့်အချိန်အခါတိုင်း (ရွေးကောက်ပွဲ အဆက်ဆက် ကျင်းပတိုင်း)၌ ပိုမိုစည်းလုံးညီညွတ်ကြရန် မဖြစ်မနေ လိုအပ်ပေ၏။ ပိုမိုစဉ်းစား မြော်မြင်နိုင်ကြရန် မဖြစ်မနေလိုအပ်ပေ၏။ မိမိတို့တွင် ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ ပါတီ စွဲများရှိပါက အမြန်ဆုံးဖျောက်ဖျက်ရန် မဖြစ်မနေ လိုအပ်ပေ၏။ အရည်အချင်းရှိသော၊ စိတ်ဓာတ် ကောင်းမွန်သော၊ မိမိတို့က လွှဲအပ်တာဝန်ပေးအပ်မည့် လုပ်ငန်း တာဝန်များနှင့် အပြည့်အဝထိုက်တန်သော နိုင်ငံရေးသမားများကို မည်သည့်အစွဲမှမပါဘဲ ရွေးချယ်နိုင်ကြရန် မဖြစ်မနေ လိုအပ်ပေ၏။ ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်မဲပေးသောဓလေ့ကို ဒီမိုကရေစီစနစ် အမှန်တကယ် ထွန်းကား ရှင်သန်ရေးအတွက် လေ့ကျင့်မွေးမြူကြရန် လိုအပ်ပေ၏။ နိုင်ငံရေးသမားဟူသည် အထက်တွင်ဆိုခဲ့သည့် အတိုင်း လူပေါင်းစုံလေ၏။

ထိုနိုင်ငံရေးသမားများအားလုံးက ရွေးကောက်ပွဲ ကာလတွင် ပြည်သူလူထုအား ချဉ်းကပ်စည်းရုံးသည့်အခါ အချိုသာဆုံး စကားများကို ပြောကြမည်ဖြစ်၏။ အကောင်းဆုံး ကတိကဝတ်များကို ပေးကြမည် ဖြစ်၏။

 

မည်သူက လူကောင်းသူကောင်းဖြစ်သည်၊ မည်သူက အရည်အချင်းပြည့်မီသည် စသည်ဖြင့် စိစစ်ရွေးချယ် တာဝန်ပေးအပ်ခွင့် အပြည့်အဝရှိသော ပြည်သူလူထုကြီးက နက်နက်နဲနဲ အစွဲကင်းကင်း စဉ်းစားသုံးသပ်ဝေဖန်လျက် ဆုံးဖြတ်ချက်ချနိုင်မှ သာ လူကောင်းသူကောင်းများ၊ အရည်အချင်းပြည့်ဝ သူများကို ရွေးချယ်တာဝန်ပေးနိုင်သည်။

 

 နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကောင်းမွန်သော ကံကြမ္မာကို ပြည်သူ့ဆန္ဒမဲဖြင့် ထိရောက်စွာ ဖန်တီး နိုင်လိမ့်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် သတိ ပေးတင်ပြအပ်ပါသည်။ ။