၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို တစ်နိုင်ငံလုံးတွင် ပြုလုပ်မည်ဖြစ်သည်။ အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားများအားလုံး ပါဝင်မဲပေးခွင့်ရမည် ဖြစ်သည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အခြေခံဖြစ်ပြီး နိုင်ငံသားများက မိမိတို့စိတ်ကြိုက် ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် နိုင်ငံကိုအကျိုးပြု၊ နိုင်ငံ၏အကျိုး ဆောင် ပြည်သူ့အရေးကို အလေးထားသည့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ရွေးချယ်ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကို လွတ်လပ်ရေးမရမီကာလ ကတည်းက စတင်ကျင်းပခဲ့ပြီး လွတ်လပ်ရေးရသောအခါ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ ပါလီမန်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သည့် အထွေထွေရွေးကောက်ပွဲများကို ကျင်းပနိုင်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီစနစ် ပျက်သုဉ်းသွားပြီး ပြည်သူလူထု၏ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ် စနစ်လည်း ပျောက်ဆုံးသွားခဲ့သည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများနှင့် နှစ်ပေါင်း ၅၀နီးပါး ကင်းကွာခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲစနစ်ကို ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် တွင် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပနိုင်ခဲ့ပြီး တတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပတော့မည်ဖြစ်ရာ ယခုအခါ ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၉၉ ရက်သာ လိုပါတော့သည်။

ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်၏အခြေခံ၊ ဒီမိုကရေစီရှင်သန်စေရေးအတွက် ရေသောက်မြစ်၊ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ပင်မ ပင်စည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ် စတင်အခြေပြုသန္ဓေတည်ရာ မျိုးစေ့ဖြစ်၍ မျိုးကောင်းအပင်သန်စေရန်ကဲ့သို့ ရွေးကောက်ပွဲများတွင် ပြည်သူများ မှန်မှန်ကန်ကန်ပါဝင်ကာ ဆန္ဒမဲများပေးဖို့ လိုပေသည်။ ဒီမိုကရေစီ၏ အသက်သည် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲ၏ အနှစ်သာရသည် ဆန္ဒမဲပေးခြင်းဖြစ်ရာ ဆန္ဒမဲနှင့်ပတ်သက်သည့် အချက်အလက်များကို အသက် ၁၈နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း သိရှိထားသင့်သည်။

ပထမဦးစွာ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတစ်ဦးသည် မိမိ အမည်မဲစာရင်းတွင် ပါ၊ မပါ။ ပါလျှင် မှန်ကန်မှုရှိ၊ မရှိ။ မပါလျှင် ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်းဟူသည့် အချက်တို့ကို ဦးစွာဆောင်ရွက်ထားသင့်သည်။ ဒုတိယအချက်အနေဖြင့် မိမိတို့၏ မဲဆန္ဒ စာရင်းတွင် မပါဝင်ထိုက်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်းနှင့် တတိယအချက်အနေဖြင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ ဆောင်ရွက်ခြင်းတို့ လုပ်ကိုင်ရမည် ဖြစ်သည်။

တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဆောင်ရွက်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ မိမိတို့၏မဲတစ်ပြားသည် အလွန် အရေးကြီးပါသည်။ မှန်မှန်ကန်ကန်ရွေးချယ်လိုက်သည့် မိမိတို့မဲတစ်ပြား ကြောင့် နိုင်ငံနှင့် ပြည်သူအတွက် အရည်အချင်းပြည့်ဝသည့် လွှတ်တော်ကိုယ်စားလှယ်များ ပေါ်ပေါက်လာနိုင်သည်။ မှန်ကန်သည့် မိမိတို့မဲတစ်ပြား ဆုံးရှုံးသွားခြင်းသည် နိုင်ငံနှင့် ပြည်သူအတွက် နစ်နာပေသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် တန်ဖိုးရှိသော၊ မိမိဒေသအတွက် အကျိုးပြုသော လွှတ်တော် ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ အရေးကြီးပေသည်။

ထိုသို့ရွေးချယ်နိုင်ရန် မဲစာရင်းတွင် မိမိအမည်ပါမှသာ မဲပေးခွင့်ရရှိနိုင် မည်ဖြစ်သည်။ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် အိမ်ထောင်စုတစ်ခုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက်လာရောက် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်သွားရန် လိုအပ်ပါသည်။ မဲပေးခွင့် မဆုံးရှုံးစေရန် ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများကို ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စု ကျေးရွာများတွင် ပထမအကြိမ် ကပ်ထား ကြေညာထားပြီး ဖြစ်သည်။

သို့ဖြစ်ရာ သင်၏မဲဆန္ဒလက်မှတ်ဖြင့် ပိုမိုကောင်းမွန်သော တိုင်းပြည် နှင့် လူမျိုး၏အနာဂတ်ကို ပုံဖော်နိုင်ရန် မဲစာရင်းတွင် မှန်ကန်စွာပါဝင်ခြင်း ရှိ၊ မရှိ သွားရောက်ကြည့်ရှုကြခြင်းဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးကို အလေးထားအသုံးချနိုင်ရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ 

ကြေးမုံ