နေပြည်တော် ဧပြီ ၅

 

ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင် ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး သဘင် ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များ ချီးမြှင့်သည်။

 

တက်ရောက်

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

 

ဦးစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အဆိုပါအချိန်က အစိုးရဖြစ်နေသည့် အနိုင်ရပါတီသည် မဲလိမ်မဲခိုးမှု၊ မသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးစားခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ယူခဲ့ရသည်မှာ အမှန်တရားဖြစ်ပြီး အားလုံးလည်း သိပြီးဖြစ်ကြောင်း။

 

မိမိတို့အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်ကာလ သတ်မှတ်ပြီး စိန်ခေါ်မှုမျိုးစုံနှင့်  အခက်အခဲများကြားမှ နိုင်ငံတော်တာဝန်ကို ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ ကမ္ဘာနှင့်တစ်ဝန်း ပျံ့နှံ့နေသည့်  ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုးကြီးနှင့် စတင်ရင်ဆိုင်ခဲ့ရပြီး တစ်ဆက် တည်း၌ပင် အဖြစ်မှန်ကို မသိ၊ သိဖို့လည်းမကြိုးစား၊ အဖျက်အမှောင့် ပယောဂများကို အခြေခံသည့် ဆူပူအကြမ်းဖက်မှုများ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့ဖြစ်ပေါ်ခဲ့ကြောင်း၊ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ဆိုသကဲ့သို့ မူလကတည်းက စိတ်သဘောထားမမှန်သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း တချို့ကလည်း မီးလောင်ရာလေပင့် ဆူပူအကြမ်းဖက်မှုများကို အားပေးမြှင့်တင်ပြီး တိုက်ပွဲများ ဖော်ဆောင်လာခဲ့ခြင်းကြောင့် အစိုးရနှင့် ပြည်သူများအားလုံး ဆင်းရဲဒုက္ခများစွာဖြင့် ခက်ခဲပင်ပန်း ကြမ်းတမ်းခဲ့ကြရကြောင်း။

 

တစ်ဆက်တည်း၌ပင် မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းနှင့်အင်အားပြင်း မန္တလေးငလျင်ကြီးတို့၏ သဘာဝ ဘေးအန္တရာယ်ကို ဆက်တိုက်ဆိုသကဲ့သို့ ခံစားခဲ့ကြရကြောင်း၊ ထိုသို့ ဆူပူအကြမ်းဖက်မှုများနှင့် အင်အားကြီးမားသည့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရ၊ ထိခိုက်ဆုံးရှုံးမှုများရှိသကဲ့သို့ ဖွံ့ဖြိုးတိုးတက်စပြုနေပြီဖြစ်သည့် အရှိန်အဟုန်များလည်း ရပ်တန့် သွားပြီး ရှိပြီးသား အခြေခံအဆောက်အအုံ အများအပြားသည်လည်း ပျက်စီးသွားခဲ့ကြောင်း။ ထိုသို့ နိုင်ငံတော်အနေဖြင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရသကဲ့သို့ အဆိုပါ အခက်အခဲ အန္တရာယ်များကြောင့် နိုင်ငံ့စီးပွားရေးသည်လည်း ကျဆင်းလာခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာရန် အခြေခံများကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန် ဆောင်ရွက်ခဲ့ကြရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် စွန့်လွှတ် စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတော်နှင့် ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန် ကျေခဲ့သည့်သူများ အများအပြားရှိခဲ့ကြသဖြင့် ယခုကဲ့သို့ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်စ အခြေအနေကို ပြန်လည်ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပူးပေါင်းပြီး စွန့်လွှတ် စွန့်စားစွာဖြင့် အန္တရာယ်ကိုမမှုဘဲ ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့ကြသူအားလုံးကို ယခုနေရာမှ ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိသည်ကို ဂုဏ်ပြုစကား ပြောကြားလိုကြောင်း။

 

ထိုသို့ ဆောင်ရွက်ခဲ့ကြရာတွင် အစိုးရ၏ ဦးစီးဦးဆောင်မှုသည် အရေးကြီးသကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အဓိကကျကြောင်း၊ နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် ဒေသအလိုက်၊ ကဏ္ဍအလိုက် ချမှတ်ပေးထားသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်ရသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်ကြောင်း၊ သာမန်အချိန်၌ပင် မလွယ်ကူသည့် တာဝန်များကို ယခုကဲ့သို့ အခက်အခဲမျိုးစုံကြားမှ လုပ်ဆောင်ရခြင်းသည် ပိုမိုခက်ခဲ ကြမ်းတမ်းပါကြောင်း၊ တော်ရုံတန်ရုံစိတ်ဓာတ်မျိုး၊ ဝတ်ကျေတန်းကျေ လုပ်ဆောင်မှုမျိုးဖြင့် အောင်မြင်မှုရမည် မဟုတ်ဘဲ လက်ရှိအခြေအနေကို ရောက်မလာနိုင်ကြောင်း။

 

အားလုံးသိသည့်အတိုင်း မည်သည့်လုပ်ငန်းတွင်မဆို ခေါင်းဆောင်မှုသည် အဓိကကျကြောင်း၊ ဦးစီးဦးဆောင် အကောင်အထည်ဖော်ကြရသည့် အကြီးအကဲများ၏ တာဝန်သည် အလွန် အရေးကြီးကြောင်း၊ မိမိတို့ တာဝန်ယူစဉ်ကာလတွင် ချမှတ်ခဲ့သည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များ၊ အမျိုးသားရေး တာဝန်များကို မိမိနှင့်အတူ ယုံယုံကြည်ကြည်၊ ကြိုးစားပမ်းစား စိတ်ရင်းစေတနာကောင်းများဖြင့် အကောင်အထည်ဖော်ပေးကြသည့် မိမိ၏လုပ်ဖော်ကိုင်ဖက်များ ဖြစ်သည့် ယခုတက်ရောက်လာကြသူများအားလုံးကို မိမိအစဉ်အမြဲ သတိရနေမည်ဖြစ်ကြောင်း၊ လေးလေးစားစားဖြင့် ဂုဏ်ယူပြီး အသိအမှတ်ပြု ကျေးဇူးတင်နေမည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုကြောင်း။

 

ခေါင်းဆောင်မှုသည် နေရာတိုင်း၌ အရေးကြီးသည်ကို မိမိပြောခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူခဲ့သည့် ငါးနှစ်တာကာလအတွင်း၌ အချို့အကြီးအကဲများနှင့် ခေါင်းဆောင်မှုတာဝန် ယူထားသူအချို့သည် တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့်လုပ်ဆောင်မှု လွဲမှားခြင်းများနှင့် လုပ်ထုံးလုပ်နည်းနှင့် မညီသည်များ အချို့ရှိခဲ့သည်ကို စိတ်မကောင်းစွာ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့်လည်း အခက်အခဲကြားက နိုင်ငံကိုတည်ဆောက်ရာတွင် မဖြစ်သင့် မဖြစ်ထိုက်သည်များ မဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းဖြင့် မလွှဲမရှောင်သာ ဆောင်ရွက်ရခြင်း၊ လက်တွဲဖြုတ်ခဲ့ရခြင်းများရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

 

ထိုသို့ လူပုဂ္ဂိုလ်များကြားမှ ယခုအခမ်းအနားကို တက်ရောက်ပေးကြသည့် ပုဂ္ဂိုလ်များသည် မိမိတို့ တာဝန်ယူခဲ့သည့် ငါးနှစ်တာကာလ အစအဆုံးတွင် ပေးအပ်သည့် တာဝန်များကို သစ္စာရှိရှိဖြင့် ကျေပွန်အောင် ကြိုးစားထမ်းဆောင်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်လည်း မကြာမီ ရက်ပိုင်းအတွင်း၌ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်မည့် အစိုးရသစ်ကို သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့် လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်၊ အစိုးရနှင့် ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေပွန်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကို မိမိအနေဖြင့် လေးလေးစားစား အသိအမှတ်ပြုကြောင်း။

 

မိမိကိုယ်တိုင်လည်း ဦးစီးဦးဆောင် အကြီးအကဲဖြစ်သဖြင့် ယခု ၅ နှစ်တာကာလ၏ အခက်အခဲများ၊ အန္တရာယ်များ၊ အကျပ်အတည်းများကို သိရှိပြီးဖြစ်သကဲ့သို့ ကိုယ်ချင်းလည်းစာနာမိကြောင်း၊ ထိုအထဲမှ ကြိုးကြိုးစားစားဖြင့် သစ္စာရှိရှိ၊ တာဝန်ကျေကျေ၊ အပြစ်ကင်းကင်း ဆောင်ရွက်ခဲ့ကြသည်များကို လေးလေးစားစား အသိအမှတ်ပြု၊ မှတ်တမ်းတင်လိုသဖြင့် ယခုအခမ်းအနားကိုကျင်းပပြီး ဂုဏ်ပြု ခြင်းဖြစ်ကြောင်း။

 

အသိအမှတ်ပြု

အခက်အခဲမျိုးစုံကြားမှ နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် သစ္စာရှိရှိ၊ ရိုးရိုးသားသား၊ တက်တက်ကြွကြွဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြုကြောင်း၊ မိမိ၏ ဦးဆောင်မှုအောက်တွင် ယုံယုံကြည်ကြည်၊ ရဲရဲဝံ့ဝံ့၊ စွန့်လွှတ် စွန့်စား လုပ်ဆောင်ခဲ့ကြသည်များကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ တာဝန်ထမ်းဆောင်စဉ်ကာလတွင် ကိုယ်ကျိုးမဖက်၊ အတ္တကင်းကင်းဖြင့် နိုင်ငံနှင့်ပြည်သူအကျိုးကို အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ကျေးဇူးတင်ကြောင်း၊ မိမိတို့တစ်တွေသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် နိုင်ငံ၏အန္တရာယ် ရန်စွယ်ကျမည့် အချိုးအကွေ့တစ်ခုကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီး နိုင်ငံကို မူလရည်မှန်းသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်တည့်မတ် လွှဲပြောင်းပေးနိုင်ခဲ့သော သမိုင်းမော်ကွန်းတစ်ခုကို စိုက်ထူ နိုင်ခဲ့သဖြင့် ဝမ်းသာအားရ ဖြစ်ရကြောင်း၊ ထို့ကြောင့် မိမိနှင့်အတူ ၅ နှစ်တာ ကာလလက်တွဲပြီး တာဝန်ကျေခဲ့ ကြသည့် ယခုအခမ်းအနားကို တက်ရောက်လာကြသူများ အားလုံးကို လေးလေးစားစား ဂုဏ်ယူစွာ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် အနာဂတ်နိုင်ငံတော်အတွက်လည်း ကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုပြောကြားလိုကြောင်း၊ နိုင်ငံတော်အတွက် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များ အတွေ့အကြုံရရှိ စေရေးအတွက်လည်း ဆက်လက်မွေးထုတ်ပေးသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များကို ချီးမြှင့်ပေးအပ်ရာ ဦးစွာရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများအား ဂုဏ်ပြုအထိမ်း အမှတ်လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

 

 

ပေးအပ်ချီးမြှင့်

ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအား ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်း ဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များအား ရွေးကောက် တင်မြှောက်ခြင်းခံရသော သမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားအပြီးတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနား တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်