ရန်ကုန်  ၂၀  အောက်တိုဘာ 

ခရီးသွားပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်ရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းဖြင့် နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အရေးပါသော အခန်းဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။ 

ကုန်းလမ်း၊ လေကြောင်းလမ်း၊ ရထားလမ်းစသည့် သယ်ယူပို့ဆောင်မှု နည်းလမ်းများ မည်မျှပင် ခေတ်မီဖွံ့ဖြိုး တိုးတက် လာစေကာမူ မြန်မာနိုင်ငံဒေသအနှံအပြားရှိ ရေယာဉ်များ သွားလာနိုင်သည့် မြစ်များ၊ ချောင်းများကြောင့် ကုန်ကျ စရိတ်သက်သာစွာဖြင့် ခရီးသည်၊ မော်တော်ယာဉ်နှင့် ကုန်စည်များကို ပို့ဆောင်နိုင်သည့် ရေကြောင်းပို့ဆောင်မှု လုပ်ငန်းများမှာ အထူးအရေးပါသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ) ရန်ကုန် ဝါတန်း(ကီလီ)-ဒလ(ယာဉ်ကူးတို့)လမ်းတွင် တစ်နေ့လျှင် ၁၆ ခေါက်နှုန်းဖြင့် (၁)တန်အောက် အိမ်စီးကားများ၊ (၁)တန်နှင့်(၂)တန်ကြား၊ (၂)တန်နှင့်(၃)တန်ကြား၊ (၃)တန်နှင့်(၆)တန်ကြား၊ (၆)တန်နှင့်(၁၂)တန်ကြားရှိ ခရီးသည်၊ မော်တော်ယာဉ်နှင့် ကုန်စည်များကို RORO(II)၊ RORO(III)၊ RORO(IV) အမည်ရှိ ကားကူးတို့ မောင်းတက်၊ မောင်းဆင်း ရေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ သတ်မှတ်ထားသော တင်ဆောင်ခ (ယာဉ်/ကုန်) အမျိုးအစားများအလိုက် ကောက်ခံရရှိငွေမှာ တစ်ရက်လျှင် ငွေကျပ်သိန်း(၂၀) ကျော်ရရှိသည့် ကူးတို့ဇက်ဖြစ်ပြီး  ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်မှုကြောင့် ကုန်စည်များ တင်ဆောင်လာမည့် ယာဉ်များ၊  ရေကြောင်းခရီးဖြင့် သွားလာမှုများပြားခြင်းကြောင့်  ခေါက်ရေတိုးပြေးဆွဲပေး လျက်ရှိရာ  ဌာနအနေဖြင့် ဝင်ငွေများပိုမိုရရှိသည့်  ကားကူးတို့ ရေယာဉ်လမ်း တစ်ခုဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ဌာနခွဲအနေနဲ့ ရန်ကုန် ဝါးတန်း(ကီလီ) ကနေ ဒလ(ယာဉ်ကူးတို့)လမ်းကို  ၁၉၉၀ ခုနှစ်က  စတင်ပြီး ယနေ့အချိန်ထိ ခရီးသည်၊ မော်တော်ယာဉ်နဲ့ ကုန်စည်များကို ပြေးဆွဲပို့ဆောင်ပေးလျက်ရှိပါတယ်၊ ရန်ကုန်မြို့ကို ကုန်စည်ပို့မည့် မော်တော်ယာဉ်များ၊ မြို့တွင်းကနေ ဧရာဝတီတိုင်းဒေသကြီးအတွင်းကို ပြန်ဆင်းမည့် ကုန်စည်ယာဉ်များ၊ ဘုရားဖူးကား၊ အိမ်စီးကားများနဲ့ အငှားယာဉ်များကိုလည်း ကူးတို့လမ်း ပြေးဆွဲပေးပါတယ်၊ ဒီလိုပြေးဆွဲမှုကြောင့် ဌာနအနေနဲ့  နိုင်ငံတော်အတွက် ဝင်ငွေကို ပိုမိုရှာဖွေပေးနိုင်တာဖြစ်ပါတယ်၊ ကျွန်တော်တို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်  အောက်တိုဘာ မှ စက်တင်ဘာလ အထိ ခေါက်ရေစုစုပေါင်း ၅၁၁၅ ခေါက် ပြေးဆွဲပြီး စုစုပေါင်း ငွေကျပ်သန်းပေါင်း (၆၂၀.၃၈၀)သန်း ကောက်ခံရရှိပါတယ်၊ (၁.၁၀.၂၀၁၈) ရက်နေ့ကစပြီး ခေါက်ရေတိုး ပြေးဆွဲပေးမှုကြောင့် ဝင်ငွေပိုမိုပြီး ရရှိတာဖြစ်ပါတယ်၊ ရေကြောင်းလမ်းမှ တစ်ဆင့် ခရီးသည်များ အဆင်ပြေ ချောမွေ့စေရန်  ကုန်စည်အများအပြားကို တစ်နေရာမှ တစ်နေရာသို့ ဈေနှုန်းသက်သာစွာနဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်၊ ဒါ့အပြင် ရန်ကုန်မြို့တွင်း မော်တော်ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေဖို့ တစ်ဖက်တစ်လမ်းက  အထောက်အကူ ဖြစ်စေပါတယ်”ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများစွာတို့သည် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်းသွားလာရာတွင် ဝင်ပေါက်၊ ထွက်ပေါက်နေရာတစ်ခုဖြစ်သည့်  ဒလမြို့နယ်သင်္ဘောဆိပ်မှတစ်ဆင့် ကူးသန်း သွားလာကြသလို၊ ရန်ကုန် ဝါးတန်း(ကီလီ)/ဒလ(ယာဉ်ကူးတို့)လမ်းမှတစ်ဆင့်  ခရီးသည်များ၊ မော်တော်ယာဉ်နှင့် ကုန်စည်များစွာတို့ကိုလည်း  ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ နေ့စဉ်ကူးတို့လမ်းပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိသည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ ရေယာဉ်ခရီးစဉ်များအနေဖြင့် ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်တွင် တစ်နေ့ ၄၆ ခေါက်နှုန်းဖြင့် နံနက် ၅ နာရီခွဲမှ ည ၉ နာရီ အချိန်ထိ ခရီးသွားမိဘပြည်သူများစွာတို့ကို ပို့ဆောင်ပေးခြင်း၊ ထို့အတူ ရန်ကုန် ဝါးတန်း(ကီလီ)မှ ဒလ (ယာဉ်ကူးတို့) လမ်းတွင် တစ်နေ့(၁၅)ခေါက် နှုန်းဖြင့် နံနက် ၆ နာရီမှ ည ၇ နာရီအချိန်ထိ ခရီးသည်၊ မော်တော်ယာဉ်များနှင့်ကုန်စည်များကို ပို့ဆောင် ပြေးဆွဲပေးလျက်ရှိပြီး အဆိုပါကူးတို့ ယာဉ်လမ်း(၂)ခုအနေဖြင့် တစ်ရက်ဝင်ငွေ ကျပ်သိန်း(၅၂) ကျော် ကောက်ခံရရှိခြင်းကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ဝင်ငွေအကောင်းဆုံးရှာဖွေပေးနိုင်သည့် ဌာနခွဲတစ်ခုပင်ဖြစ်သည်။ 

ထို့အတူ ရန်ကုန်-ခနောင်တို ကူးတို့လမ်း ရေယာဉ်ဆိုက်ကပ်၊ ထွက်ခွာ ဆိပ်ခံတံတားအား လှည်းတန်း(၁) တံတား မှ ကိုင်းတန်း(၂)တံတားသို့ (၁.၁၁.၂၀၁၉)ရက်နေ့မှ စတင်၍ ဆိုက်ကပ်၊ ထွက်ခွာမည်ဖြစ်ပြီး ကူးတို့လမ်း ခရီးသွား ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အဆိုပါနေ့မှ စတင်ပြီး လပေးရေယာဉ်စီးကဒ်များအား ရန်ကုန်-ခနောင်တို ကူးတို့လမ်း လက်မှတ်ရောင်း စာရေးများထံတွင် အလွယ်တကူ သက်တမ်းတိုးခြင်း၊ ကဒ်အသစ်လျှောက်ခြင်းကို ပြုလုပ်နိုင်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ထုတ်ပြန်ကြေညာထားသည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ ရေယာဉ်ခရီးစဉ်များနှင့်ခုတ်မောင်းပုံများအနေဖြင့် ရန်ကုန်/ဒလ တစ်နေ့(၄၆)ခေါက်နှုန်း  ချယ်ရီ(၁/၂/၃)၊ ဝါးတန်း/ဒလ(ယာဉ်) တစ်နေ့ (၁၅)ခေါက် ရိုးရိုး(၂/၃/၄)၊ ရန်ကုန် ခနောင်တို တစ်နေ့(၆)ခေါက်၊ တီး/အက်စ်/ဗလ/ဒဗလျု၊  လပ္ပတ္တလုပ်/ရေပေါ်ကြီး တစ်နေ့(၂)ခေါက်၊ လပ္ပတ္တာတံတား(ပင်လယ်လေး) တစ်နေ့ (၁၀)ခေါက်၊ ဝါးခယ်မတံတား တစ်နေ့(၁၀)ခေါက်၊ ရွှေလောင်းတံတား တစ်နေ့(၁၀)ခေါက်၊ ရန်ကုန်/ကျုံမငေး တစ်ပတ်(၁)ခေါက်(စနေ)၊ ရန်ကုန်/ကြာကန် တစ်ပတ်(၁)ခေါက်(ကြာသာပတေး)၊ ရန်ကုန်မြစ်တွင်းအပျော်စီး တို့ဖြင့် ကူးသန်းသွားလာလျက်ရှိကြောင်း သိရသည်။ 

ခရီးသည်၊မော်တော်ယာဉ်နှင့် ကုန်စည်များ ရေယာဉ်အန္တရာယ်ကင်းရှင်းရေးသည် အဓိကတာဝန်အဖြစ် ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ RORO(IV) (ရေယာဉ်အုပ်-၄) (ဒု)ဦးဝင်းဇော်က  “ ကုန်စည်ပါတဲ့ မော်တော်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ အိမ်စီးကားတွေကို စနစ်တကျ တင်ဆောင်ပြီးမှ ထွက်ခွာတယ်၊ မြစ်တွင်းမှာ သွားလာနေတဲ့ သင်္ဘောတွေနဲ့ စက်တပ်သမ္ဗာန်တွေကို ကြည့်ပြီး အန္တရာယ်ကင်းရှင်းစေဖို့ ရေယာဉ်ဝဲ/ယာမတိမ်းစောင်းအောင် မောင်းနှင်းပေးရတယ်၊  ပွင့်လင်းရာသီဆို ယာဉ်များပြားတဲ့အတွက် သယ်ဆောင်ပေးရတာများလို့ စနစ်တကျပြေးဆွဲပြီး ရေယာဉ် အန္တရာယ်ကင်းရှင်းရေးကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိကြောင်း” ဆိုသည်။ 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေးစီးပွားရေး အဖွဲ့အစည်း တစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်ဆောင်ရွက်လျက်ရှိပြီး ကုန်စည်စီးဆင်းမှု သွက်လက်မှန်ကန်မြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် သယ်ယူ  ပို့ဆောင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိသည်။  

မြန်မာနိုင်ငံအတွင်း ရေယာဉ်များ သွားလာနိုင်သည့် မြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်ရှိ မြစ်ကြောင်းများတွင် ခရီးသည်နှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခရီးသည်နှင့် မော်တော်ယာဉ်များသွားလာမှု အဆင်ပြေစေရေး အတွက် ပြည်တွင်ရေကြောင်းပို့ဆောင်ရေးမှ ကူးတို့လမ်းများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

သတင်းဆောင်းပါး-နိုင်လင်းကျော်(ဒလ)